အင်္ဂလန်လက်ရွေးစင်နောက်ခံလူ မက်ဂွိုင်းရားသည် ယူရို-၂၀၂၀ ပြိုင်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝမည်ဟု ယုံကြည်နေကြောင်း သိရသည်။
မန်ယူအသင်းခေါင်းဆောင် မက်ဂွိုင်းရားသည် အက်စတွန်ဗီလာနှင့်ပွဲတွင် ရရှိခဲ့သည့် ခြေချင်းဝတ်ဒဏ်ရာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲကို လွဲချော်ခဲ့ရသူဖြစ်သည်။
ယခုအခါ မန်ယူအသင်း၏ ဆေးအဖွဲ့ကရော အင်္ဂလန်လက်ရွေးစင်အသင်းဆေးအဖွဲ့ကပါ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပြီး ကုသမှုကို တိုးမြှင့်လုပ်ဆောင်ပေးရန် စီစဉ်နေကြောင်းလည်း သိရသည်။
ထို့ကြောင့် မက်ဂွိုင်းရားက ဇွန်(၁၃)တွင် ယှဉ်ပြိုင်ရမည့် ခရိုအေးရှားနှင့်အဖွင့်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝမည်ဟု ယုံကြည်နေခြင်းဖြစ်သည်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်၏အသင်းတွင် မက်ဂွိုင်းရား-စတုန်းစ်မှာ အဓိကခံစစ်အတွဲဖြစ်ကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဂွိုင်းရားသည် နိုင်ငံတကာပွဲ ၃၂ ပွဲကစားပြီး ၃ ဂိုး သွင်းယူပေးထားသည်။