အီရန်ရိုက်က အင်္ဂလန်ရဲ့ တိုက်စစ်ပိုင်း options တွေ များပြားနေမှုဟာ Three Lions တို့ကို ယူရို ၂၀၂၀ ဖလား ဆွတ်ခူးနိုင်အောင် မောင်းနှင်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ် တိုက်စစ်မှုးဟောင်းက သူသာ ဂါရက်ဆောက်ဂိတ် နေရာမှာ ဆိုရင် ပထမဦးစားပေး front three မှာ ရာဟင်စတားလင်း နဲ့ မားကပ်ရပ်ဖို့ဒ် တို့ကို ရွေးချယ်သွားမှာ မဟုတ်ဘူးလို့ ပြောလိုက်ပါတယ်။
ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ယူရိုပြိုင်ပွဲ အတွက် ၂၆ ဦး အပြီးသတ် လူစာရင်းကို ထုတ်ပြန်ကြေငြာသွားခဲ့ပြီး အင်္ဂလန်ဟာ အဆိုပါ ပြိုင်ပွဲ မတိုင်မီ ခြေစမ်းပွဲ ၂ ပွဲကစားဖို့ စီစဉ်ထားပြီး မနေ့ညက သြစတီးယား အသင်းနဲ့ ခြေစမ်း ကစားခဲ့ရာမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အင်္ဂလန်ဟာ လက်ရှိမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး လူစာရင်းတွေ ထဲက တစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး အီရန်ရိုက်က ဟယ်ရီကိန်း ၊ ဂျေဒွန်ဆန်ချို ၊ ဖီးလ်ဖိုဒန် တို့ရဲ့ front three တို့နဲ့အတူ ထိပ်တန်း ကစားသမားတွေ ပြည့်နှက်နေတဲ့ အရန်လူစာရင်းကြောင့် အင်္ဂလန်ဟာ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေ ရှိနေတယ်လို့ ယုံကြည်နေ ပါတယ်။
အီရန်ရိုက်က “ရိုးရိုးသားသား ပြောရမယ် ဆိုရင် ကျွန်တော် ဒီလူစာရင်းကို တအား အားရနေပါတယ်။ တိုက်စစ်မှာ ဘယ်ကစားသမားတွေကို ရွေးချယ် သွားမလဲ ဆိုတာနဲ့ ပက်သက်ပြီး ပြောရမယ် ဆိုရင် ကျွန်တော့် အနေနဲ့ ဘယ် front three ကို ရွေးချယ်သွားမလဲ ဆိုတာ ခေါင်းထဲမှာ ရှိနေပြီးသား ဖြစ်ပါတယ်။ လက်ရှိမှာ ဘယ်သူက အကောင်းဆုံး ပုံစံမှာ ရှိနေသလဲ ဆိုတဲ့ အပေါ်မှာ မူတည်ပြီး ဘယ်သူ့ကို ပွဲထုတ်သင့်သလဲ ဆိုတာ ဆုံးဖြတ် ရမှာပါ။
ဂျေဒွန်ဆန်ချိုဟာ ဒဏ်ရာ ပြသနာတွေ ကြုံတွေ့ခဲ့ရပြီး ဒုတိယ ရာသီဝက်မှာ ပုံစံကောင်း ပြန်လည် ပြသခဲ့ပါတယ်။ အဓိက ပြိုင်ပွဲကြီး တစ်ခုကို ဒီလို ပုံစံကောင်းနဲ့ပဲ သွားချင်ကြမှာပါ။ ချန်ပီယံလိဂ် ဖိုင်နယ်မှာ ရှုံးနိမ့်ခဲ့တာကြောင့် ဖီးလ်ဖိုဒန်ဟာ အနည်းငယ် စိတ်ပျက်လက်ပျက် ဖြစ်နေမှာပါ။ ဒါပေမယ့် သူဟာ ဒီရာသီ မန်စီးတီး အတွက် အကောင်းဆုံး ပုံစံ ပြသထားခဲ့သူပါ။
ဆန်ချို ကိန်း ဖိုဒန် တို့အတွဲဟာ တအားကို ကောင်းနေမှာပါ။ ကျွန်တော် ဂျက်ဂရီလစ်ချ် ကိုတောင် မပြောရသေးပါဘူး။ ဖိုဒန်ဟာ ကိန်းနဲ့ ကောင်းကောင်း ချိတ်ဆက် ကစားနိုင်မှာပါ။ အကယ်၍ ကိုယ်သာ ဟယ်ရီကိန်း နေရာမှာ ဆိုရင်တော့ အရမ်းကို ပျော်ရွှင်နေမှာပါ။ ဒါဟာ သူ့အတွက် အရမ်းကောင်းတဲ့ အထောက်အပံ့တွေ ပါပဲ။
ဒါ့အပြင် ဖန်တီးမှုတွေ လိုအပ်တဲ့ အခါ ၊ ပွဲအပေါ် တစ်စုံတစ်ရာ သက်ရောက်ဖို့ လိုအပ်တဲ့ အခါ ဂရီလစ်ချ် ၊ ရပ်ဖို့ဒ် ၊ စတားလင်း ၊ ဆာကာ တို့လို အရန်ခုံကနေ ထလာမယ့် သူတွေလည်း ရှိနေပါသေးတယ်။ အင်္ဂလန်မှာ ဒီလို ရွေးချယ်ခွင့် မရတာ အတော်ကြီး ကြာနေပါပြီ။ အင်္ဂလန်ရဲ့ တိုက်စစ်ပိုင်းမှာ ကစားသမား အင်အား ကြွယ်ဝမှုကို ကြည့်လိုက်ပါ။ တိုက်စစ်ပိုင်း အတွက် အရန် အင်းအားနဲ့တင် ကျွန်တော်တို့ ဒီဖလားကို ဆွတ်ခူးနိုင်စွမ်း ရှိပါတယ်။
ကျွန်တော်တို့ ယူရိုမှာ ဖလား ရနိုင်ပါတယ်။ ကျွန်တော် ရဲရဲဝင့်ဝင့် ပြောရဲပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ အရည်အသွေး နဲ့ ကစားသမား အင်အားဟာ အခြား အသင်းတွေကို စိုးရိမ် ထိပ်လန့်စေပါလိမ့်မယ်။” လို့ ပြောလိုက်ပါတယ်။