မန်ယူ – ဂရန်နာဒါ (မြန်မာစံတော်ချိန် ဧပြီလ ၁၆ ရက် နံနက် ၁:၃၀ နာရီ)
ပထမအကျော့ရလဒ်ကြောင့် မန်ယူအသင်းအတွက် စိုးရိမ်စရာမလိုတော့သလို၊ မက်ဂွိုင်းရား၊ တွမ်မီနေး၊ လုခ်ရှောတို့ ပွဲပယ်ခံထားရလို့ အသင်း Line-up မှာ အပြောင်းအလဲတွေ များနိုင်တယ်။ ဂရန်နာဒါတိုက်စစ်မှာ ပရီးမီးယားလိဂ်အတွေ့အကြုံရှိ ဆိုလ်ဒါဒို၊ ကန်နေဒီတို့ဦးဆောင်ကစားနေပေမဲ့ အဝေးကွင်းဆို ရုန်းကန်ရတတ်ပုံမျိုးနဲ့ မျှော်လင့်လို့မရပါဘူး။ မန်ယူ နိုင်ပွဲဆက်ဦးမယ်ထင်တယ်။
ဆလားဘီးယားပရပ်ဂ် – အာဆင်နယ် (မြန်မာစံတော်ချိန် ဧပြီလ ၁၆ ရက် နံနက် ၁:၃၀ နာရီ)
အီမရိတ်စ်မှာ အနိုင်မကစားနိုင်ခဲ့တဲ့ အာဆင်နယ်အသင်းအတွက် ချက်မြေက ခက်ခဲတဲ့စိန်ခေါ်မှုတွေ ဆီးကြိုနေပါပြီ။ အာဆင်နယ်နည်းပြ အာတီတာအနေနဲ့ တိုက်စစ်ပိုင်းအပြောင်းအလဲလုပ်ဖို့ရှိပေမဲ့ ကြီးကြီးမားမားတော့ မဖြစ်နိုင်ဘဲ အူဘာမီယန်းကို Line-up မှာ ပြန်သုံးတာမျိုးတော့ ရှိလာနိုင်တယ်။ အာဆင်နယ်အသင်းမှာ အနာဂတ်တဖြည်းဖြည်း လှုပ်ခတ်လာတဲ့ အာတီတာအနေနဲ့လည်း လာမယ့်ရာသီ ဥရောပဝင်ခွင့်အတွက် ယူရိုပါလိဂ်က အကောင်းဆုံးမျှော်လင့်ချက်ဖြစ်နေလို့ အသေအချာပြင်ဆင်လာမှာ သေချာပါတယ်။ ဆလားဗီးယားပရပ်ဂ်ကတော့ ချက်ဘောလုံးလောကမှာ စပါတာပရပ်ဂ်လောက် အစဉ်အလာမကြီးမားပေမဲ့ နောက်ပိုင်းနှစ်တွေမှာ ဥရောပဘောလုံးလောကထဲ ပိုမိုဝင်ဆံ့လာတာ သတိပြုရမယ်။ ဒါ့အပြင် အခုရာသီ ယူရိုပါလိဂ်အိမ်ကွင်းပွဲတွေမှာလည်း ဆလားဗီးယားပရပ်ဂ်က ရှုံးပွဲမရှိသေးပါဘူး။ ဒါပေမဲ့ အာဆင်နယ်ကလည်း အဝေးကွင်းမှတ်တမ်းကောင်းတွေရှိလို့ ချက်မြေမှာ အနိုင်ကစားဖို့များပါတယ်။
ရိုးမား – အေဂျက်စ် (မြန်မာစံတော်ချိန် ဧပြီလ ၁၆ ရက် နံနက် ၁:၃၀ နာရီ)
ပထမအကျော့ နယ်သာလန်မြေမှာ ရိုးမားအသင်း အနိုင်ရခဲ့တာကတော့ ကံကောင်းတယ်လို့ပြောရမယ်။ အေဂျက်စ်အသင်းက အသာစီးကစားပြီး (၂-၀)ဂိုးနဲ့ ဦးဆောင်ခွင့်ရမယ့် ပယ်နယ်တီကို တာဒစ် ဝင်အောင်မကန်သွင်းနိုင်တာက ပွဲရဲ့အလှည့်အပြောင်းဖြစ်ခဲ့ရတာပါ။ ရောမမြေမှာ အေဂျက်စ်အသင်း ဖောင်ဖျက်ကစားရမယ့်ပွဲဖြစ်ပေမဲ့ လက်ရှိကစားသမားပိုင်းက ၂၀၁၈-၁၉ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးယဲလ်မက်ဒရစ်၊ ဂျူဗင်တပ်စ်အသင်းတွေကို အဝေးကွင်းတွေရောက်မှ အနိုင်ပြန်ယူပြီး ဆီမီးဖိုင်နယ်တက်ရောက်ခဲ့တဲ့အသင်းနဲ့ယှဉ်ရင် အရှိန်အဝါက အတော်လေးကွာခြားနေပါတယ်။ ဒါ့အပြင် ရိုးမားရဲ့ အခုရာသီ ယူရိုပါလိဂ်အိမ်ကွင်းရလဒ်ပိုင်းကလည်း အေဂျက်စ်အတွက် ကြီးမားတဲ့အဟန့်အတားဖြစ်စေနိုင်တယ်။ ရိုးမားက အိမ်ကွင်းမှာ ရှုံးပွဲမရှိကစားထားတဲ့အပြင် ရှုံးထွက်အဆင့်ရဲ့ ရောမမြေပွဲတွေမှာလည်း ဂိုးပြတ်အနိုင်ကစားထားတာ တွေ့ရတယ်။ ရိုးမားအသင်း မရှုံးအောင်တော့ ကစားလိမ့်မယ်။
ဗီလာရီးယဲလ် – ဒိုင်နမိုဇာဂရက် (မြန်မာစံတော်ချိန် ဧပြီလ ၁၆ ရက် နံနက် ၁:၃၀ နာရီ)
ဗီလာရီးယဲလ်အသင်း ဒီရာသီယူရိုပါလိဂ်ပြိုင်ပွဲမှာ ကစားနေတဲ့ပုံစံက အရင်ရာသီတွေလို မဟုတ်တော့ဘူး။ အခုရာသီ (၁၁)ပွဲမှာ ရှုံးပွဲမရှိဘဲ (၁၀)ပွဲအထိအနိုင်ကစားထားတာက ဗီလာရီးယဲလ်ရဲ့လားရာကို မျှော်မှန်းလို့ရနေတယ်။ ဒိုင်နမိုဇာဂရက်က စပါးလိုအသင်းကို အဝေးကွင်းမှာ ပြန်အနိုင်ယူပြီး ကွာတားတက်နိုင်တာမျိုး ထပ်ဖြစ်ဖို့တော့ မရှိလောက်ပါဘူး။ ဗီလာရီးယဲလ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။