ရိုးမားအသင်းနည်းပြ မော်ရင်ဟိုက ယူရိုပါလိဂ်ပြိုင်ပွဲတွင် ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်ရန်အတွက် Play-offs ထပ်ကစားရမည်မှာ မိမိတို့အသင်း၏အမှားသာဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
ရိုးမားအသင်းသည် ယခုရာသီ ယူရိုပါ လိဂ်အုပ်စု (G) တွင် ဆလားဗီးယားပရပ်ဂ်၊ ဆာဗက်တေ၊ ရှာရစ်ဖ်အသင်းတို့နှင့်အတူ ကျရောက်ခဲ့သည်။ ယင်းမှာ အုပ်စုချောင်သည်ဟု ဆိုနိုင်သော်လည်း ရိုးမားအသင်း သည် အုပ်စုပွဲစဉ်များအပြီးတွင် ရမှတ် ၁၃ မှတ်ဖြင့် ဒုတိယနေရာသာရရှိခဲ့ပြီး ချက်ကလပ် ဆလားဗီးယားပရပ်ဂ်အသင်းက ၁၅ မှတ်ဖြင့် အုပ်စုပထမရရှိခဲ့သည်။ ယူရိုပါလိဂ် အုပ်စုအဆင့်တွင် အုပ်စုပထမရသည့်အသင်းများသည် ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်ခွင့်ရပြီး ဒုတိယရသည့်အသင်း ရှစ်သင်းမှာမူ ချန်ပီယံလိဂ်အုပ်စုအဆင့်မှ ပြုတ်လာသည့် ရှစ်သင်းနှင့် Play-offs ကစားကာ အနိုင်ရမှာသာ ရှုံးထွက် ၁၆ သင်းအဆင့်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
ထို့ကြောင့် ယူရိုပါလိဂ်အုပ်စုအဆင့်တွင် ဒုတိယသာရရှိခဲ့သည့် ရိုးမားအသင်းမှာ ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ရန်အတွက် Play-offs ကစားရတော့မည် ဖြစ်သည်။ ရိုးမားအသင်းအနေဖြင့် အုပ်စုချောင်ခဲ့သော်လည်း အုပ်စုပထမနေရာရအောင် မစွမ်းဆောင်နိုင်ခဲ့သဖြင့် ယခုအခါ Play-offs ကစားရတော့မည်ဖြစ်ရာ ယင်းမှာ မိမိတို့၏အမှားသာဖြစ်ကြောင်း အသင်းနည်းပြ မော်ရင်ဟိုက ပြောကြားခဲ့ခြင်းဖြစ်သည်။
မော်ရင်ဟိုက “အုပ်စုမှာ ဒုတိယနေရာသာ ရတာက ကျွန်တော်တို့ကိုယ်တိုင် ကျူးလွန်ခဲ့တဲ့ အမှားပဲဖြစ်ပါတယ်။ ပရပ်ဂ်မြို့မှာ ကစားခဲ့တဲ့ပွဲမှာ ကျွန်တော်တို့အသင်းရဲ့စွမ်းဆောင်ရည်က ဆိုးရွားလွန်းပြီး ဒါက ကျွန်တော်တို့ အခုအခြေအနေမျိုးရောက်အောင် တွန်းပို့လိုက်တာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အိမ်ကွင်းပွဲတွေမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သလို အဝေးကွင်းနှစ်ပွဲမှာလည်း ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဆလားဗီးယားပရပ်ဂ်နဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲမှာတော့ ကျွန်တော်တို့ လုပ်နေကျအတိုင်း မ လုပ်နိုင်ခဲ့ပါဘူး။ အဲဒီအတွက် အပြစ်ဒဏ်အဖြစ် ကျွန်တော်တို့အနေနဲ့ ပွဲပိုနှစ်ပွဲ ကစားရတော့မှာပါ။ ဒါက လူအင်အားနည်းတဲ့ ကျွန်တော်တို့အသင်းအတွက် မကောင်းပါဘူး”ဟု ပြောကြားခဲ့သည်။
ရိုးမားအသင်းသည် နိုဝင်ဘာ ၁၀ ရက်က ကစားခဲ့သည့် ယူရိုပါလိဂ်အုပ်စုပွဲစဉ်၌ ဆလားဗီးယားပရပ်ဂ်အသင်းကို အဝေးကွင်းတွင် (၀-၂) ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရိုးမားအသင်းသည် အုပ်စု (G) တွင် လေးပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဖြင့် ရမှတ် ၁၃ မှတ်သာ ရယူနိုင်ခဲ့ပြီး ဆလားဗီးယားပရပ်ဂ်ကမူ ငါးပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ်ရရှိကာ ရမှတ် ၁၅ မှတ်အထိရယူကာ ရိုးမားအသင်းကို နှစ်မှတ်ဖြတ်ပြီး အုပ်စုပထမနေရာကို ရယူခဲ့ခြင်းဖြစ်သည်။ ရိုးမားအသင်းသည် ကြာပတေးနေ့က ကစားခဲ့သည့် ယူရိုပါလိဂ်အုပ် စုနောက်ဆုံးပွဲစဉ်တွင် ရှာရစ်ဖ်အသင်းကို (၃-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ရိုးမားအတွက် ဂိုးများကို လူကာကူ၊ ဘယ်လော့တီနှင့် ပီဆယ်လီတို့က သွင်းယူခဲ့ကြသည်။
ရှာရစ်ဖ်နှင့်ပွဲမှ သွင်းဂိုးမှာ အီတလီလူငယ်ကွင်းလယ်ကစားသမား ပီဆယ်လီအတွက် ဥရောပပွဲဦးထွက်တွင် ပထမဆုံးသွင်းဂိုးဖြစ်ခဲ့ပြီး ယင်းဂိုးကြောင့် မျက်ရည်များပင် ကျခဲ့ကြောင်း သိရသည်။ ပီဆယ်လီ ဂိုးသွင်းခြင်းနှင့်ပတ်သက်ပြီး မော်ရင်ဟိုက “ရိုးမား မှာ ကျွန်တော် လူငယ်တွေကို ပွဲထွက်ခွင့်ပေးခဲ့တာ အများကြီးပါ။ ဒါက ပီဆယ်လီအတွက် အိုလီပီကိုကွင်းမှာရော၊ ယူရိုပါလိဂ်မှာပါ ပထမဆုံး သွင်းဂိုးဖြစ်ပါတယ်။ ပီဆယ်လီရဲ့ အပျော်ကို မြင်ပြီးတော့ ကျွန်တော်တောင် မျက်ရည်ကျလုနီးပါးပဲ”ဟု ပြောကြား ခဲ့သည်။
ယူရိုပါလိဂ် ရှုံးထွက် Play-offs ပွဲစဉ်များအတွက် မဲခွဲပွဲကို ဒီဇင်ဘာ ၁၈ ရက် (တနင်္လာနေ့)တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။