အင်္ဂလန် လက်ရွေးစင် အသင်းရဲ့ တောင်ပံ တိုက်စစ် ကစားသမား ဖြစ်သူ မားကပ်စ် ရပ်ရှ်ဖို့ဟာ ကစားသမား ဘဝကို မန်ချက်စတာ မှာပဲ စတင်သူ ဖြစ်ခဲ့တဲ့ အတွက် သူ့ရဲ့ ကစားသမားဘဝကို ဒီမြေမှာပဲ ကုန်ဆုံးလိုသူ တစ်ဦးပဲ ဖြစ်ပါတယ် ။
ရပ်ရှ်ဖို့ဟာ အသက် 7 နှစ် အရွယ် ကတည်းက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ရှိနေခဲ့ပြီး စီနီယာ အသင်း မှာလည်း ၆ ရာသီ အထိ ကစားပေးထားခဲ့သလို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမား တစ်ဦး အဖြစ် နာမည်ကောင်းလည်း ရယူထားနိုင်ခဲ့ပြီးပါပြီ ။
အခုတော့ သူ့ရဲ့ အနာဂတ် အကြောင်း ၊ မန်ချက်စတာ မှ ထွက်ခွာလိုသလား ဆိုတဲ့ အကြောင်း အမေးခံလိုက် ရတဲ့ အချိန်မှာတော့ သူကဒီအသင်းမှာပဲ ဆက်ရှိနေလိုကြောင်း ဒါပေမဲ့ အနာဂတ် အကြောင်း ကြိုပြောလို့ မရနိုင်ကြောင်း ပြန်လည် ဖြေကြား သွားခဲ့လိုက် ပါတယ် ။
” ကျွန်တော် ဒီမှာပဲ ဆက်ရှိချင် ပါတယ် ။ ဒါပေမဲ့ အခုခေတ် ဘောလုံး လောကမှာတော့ အချို့ အဖြစ်အပျက်တွေဟာ မမျှော်လင့်ပဲ ဖြစ်ပွားလာရတာမျိုးလည်း ရှိနေတတ် ပါတယ် ။ ဘာကိုမှ 100 % အပြည့် တပ်အပ် ကြိုပြောလို့ မရနိုင်ပါဘူး ”
” ပထမ တစ်ချက်က ခင်ဗျားဟာ အစားထိုး ခံသွားရနိုင်ပါတယ် ။ အသင်းဖက်က ကစားသမား ခေါ်ယူမှု လုပ်တာမျိုး ရှိနိုင်သလို ဒီကစားပုံဟာ ခင်ဗျားနဲ့ ရှေ့ဆက် အံမဝင်နိုင်တာမျိုးလည်း ကြုံတွေ့ကောင်း ကြုံတွေ့ရနိုင်ပါတယ် ။ ဘောလုံး ကစားဟန်က ပြောင်းလဲကောင်း ပြောင်းလဲ သွားနိုင်တယ်လေ ”
” ဒါ့ကြောင့် လာမယ့် 10 နှစ် 15 နှစ်တာ အချိန် ကာလ အတွင်းမှာ ပြောင်းလဲသွားနိုင်မယ့် အရာတွေ အများကြီး ရှိကောင်း ရှိလာနိုင်ပါလိမ့်မယ် ။ ကျွန်တော်ကတော့ ဒီအသင်းမှာ တက်နိုင်သလောက် အကြာကြီး ကစားပေးချင်ပြီး စတင်ခဲ့တဲ့ နေရာမှာပဲ ဘဝကို အဆုံးသတ်နိုင်ဖို့ မျှော်လင့် နေမိပါတယ် ” လို့ ရပ်ရှ်ဖို့က ဖြစ်နိုင်ခြေကို ဖြေကြား သွားခဲ့လိုက် ပါတယ် ။
ပြီးခဲ့တဲ့လတုန်းကတော့ ရပ်ရှ်ဖို့က ယူနိုက်တက် အသင်းမှ ထွက်ခွာ နိုင်ခြေ ရှိကြောင်း ၊ စပိန် ထိပ်သီး ရီးယဲ မက်ဒရစ် ၊ ဘာစီလိုနာ အသင်းဆီ သွားရောက် ကစားကောင်း ကစားပေးလိုစိတ် ရှိကြောင်း အရိပ်အမြွတ် ပြောကြားခဲ့ပါသေးတယ် ။
” ကျွန်တော် ဘယ်တော့မှ နိုးလို့ မပြောပါဘူး ။ ယူနိုက်တက် က လွဲရင်လား ? ကျွန်တော်ဟာ ရီးယဲ မက်ဒရစ် ၊ ဘာစီလိုနာ အသင်းတွေရဲ့ ပရိသတ်ကြီး တစ်ယောက်ပါ ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ ခမ်းနားတဲ့ ကစားသမားကောင်းတွေ အများကြီး ရှိနေခဲ့သလို ဘောလုံး ကစားဟန် ကလည်း စွဲမက်ဖွယ် ကောင်းလို့ ပါပဲ ”
” လူတိုင်းလူတိုင်း ရီးယဲ မက်ဒရစ် ၊ ဘာစီလိုနာ အသင်းရဲ့ ပွဲစဥ်တွေကို စောင့်ကြည့်ဖြစ်ကြတယ်လေ ” လို့ ရပ်ရှ်ဖို့ က အဆိုပါ အသင်းတွေဆီ သွားရောက် ကစားလိုသလားလို့ အမေးခံခဲ့ ရချိန် ဖြေကြား ခဲ့တာပဲ ဖြစ်ပါတယ် ။