ဒီတစ်ပါတ် မှာတော့ မန်ချက်စတာ အခြေစိုက် ထိပ်သီး ကလပ် အသင်း နှစ်သင်း ဖြစ်ကြတဲ့ မန်ချက်စတာ ယူနိုက်တက် နဲ့ မန်ချက်စတာ စီးတီး အသင်းတို့ဟာ အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲမှာ သရဲနီ ပရိသတ်တွေ ရှေ့မှောက် ပရီးမီးယားလိဂ် ပွဲစဉ် 12 ကို ကစားကြရဖို့ ရှိနေကြ ပါတယ် ။
အဆိုပါ ပွဲစဉ် မတိုင်မီမှာတော့ ယူနိုက်တက် အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဝက်စ် ဘရောင်းက အသင်းဟောင်းဟာ ပက် ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်း အထက်မှာ ရပ်တည် နိုင်စွမ်း ရှိကြောင်း ၊ အမှတ်ပေး ဖလားကိုလည်း ဆွတ်ခူး နိုင်ခြေ ရှိနေကြောင်း သုံးသပ် ပြောကြားခဲ့လိုက် ပါတယ် ။
လက်ရှိ ဘောလုံး ရာသီ အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြိုင်ပွဲစုံမှာ အိမ်ကွင်းထက် အဝေးကွင်း ရလဒ်တွေ သိသိသာသာ ထူးကဲ ကောင်းမွန် နေခဲ့တာ အားလုံး အသိပဲ ဖြစ်ပါတယ် ။ အထူးသဖြင့် ယူနိုက်တက် တို့ဟာ ပရီးမီးယား လိဂ် ပြိုင်ပွဲမှာ အဝေးကွင်း ရှုံးပွဲ လုံးဝ မရှိခဲ့ကြသေး ပါဘူး ။
အခုတော့ ဘောလုံး ပရိသတ် တွေက အိမ်ကွင်း ပွဲစဉ် တွေမှာ တစ်ဖန် ပြန်လည် ဝင်ရောက်ကြည့်ရှု ၊ အားပေးခွင့် ရရှိနေခဲ့ကြ ပါပြီ ။ ဒီလို အနေအထား တစ်ရပ်မှာ ယူနိုက်တက် တို့ဟာ အိမ်ကွင်း ရလဒ် တွေလည်း ပြန်လည် တည်ငြိမ် လာနိုင်ဖွယ် ရှိနေတယ်လို့ ဝက်စ် ဘရောင်း က ခန့်မှန်းခဲ့လိုက် ပါတယ် ။
ဒါ့အပြင် ယူနိုက်တက် တို့ဟာ ချန်ပီယံလိဂ် ပြိုင်ပွဲ မှလည်း နှုတ်ဆက် ထွက်ခွာ ခဲ့ရ ပါပြီ ။ ဒီလို အနေအထား တစ်ရပ်မှာ သူတို့ တွေဟာ ယူရို ပါလိဂ် ပြိုင်ပွဲကို ဦးစားပေးနေမယ့် အစား ပြည်တွင်း ဖလား ပြိုင်ပွဲ တွေကို ပိုမို ဦးစားပေး နိုင်ဖွယ် ရှိနေကြတာကြောင့် ဝက်စ် ဘရောင်းက သုံးသပ်လိုက် ပါတယ် ။
ဒါ့ကြောင့် ယူနိုက်တက်တို့ အမှတ်ပေး ဖလား ဆွတ်ခူး နိုင်ခြေ ရှိကြောင်း သုံးသပ်လိုက် ပေမယ့် အဲ့တာက လက်တွေ့မှာတော့ အရမ်းကို ခက်ခဲ နေဦးမှာ ဖြစ်ကြောင်း ၊ အာဆင်နယ် အသင်းကို ဖယ်လိုက်ရင် ဖလား ဆွတ်ခူး နိုင်ရေး အတွက် ယှဉ်ပြိုင် ရမယ့် အသင်း 6 သင်းလောက် ရှိကြောင်း ဝက်စ် ဘရောင်း က ခန့်မှန်း သုံးသပ်လိုက် ပါတယ် ။
” လက်ရှိ ဘောလုံး ရာသီ စီးဆင်း နေခဲ့တဲ့ ပုံစံကို ကြည့်ရှု လိုက်မယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက် အသင်းက မန်စီးတီး အသင်း အထက်မှာ ရပ်တည် နိုင်လိမ့်မယ်လို့ ကျွန်တော် ထင်မိ ပါတယ် ။ ကျွန်တော် ပြောတာကို အထင် မမှားပါနဲ့ ။ ဒါက အရမ်းကို ခက်ခဲ နေပါလိမ့် ဦးမယ် ”
” ယှဉ်ပြိုင် ရမယ့် အသင်း 6 သင်းလောက် ရှိနေပါလိမ့် ဦးမယ် ၊ အာဆင်နယ်တော့ မပါ,ပါဘူး ။ သူတို့ 6 သင်းလည်း အမှတ်ပေး ဖလားကို ရယူ နိုင်ရေးအတွက် တိုက်ပွဲ ဝင်ကြပါ လိမ့်မယ် ။ ဒီလို အနေအထား တစ်ရပ်မှာ ယူနိုက်တက်ဟာ မန်စီးတီ အသင်းကို ကျော်ပြီး ဖလား ဆွတ်ခူးနိုင်စွမ်း မရှိတဲ့ အကြောင်းအရင်းကို ကျွန်တော် မတွေ့သေး ပါဘူး ”
” ဒါတွေ ကတော့ လက်ရှိ ဘောလုံး ရာသီ စီးဆင်း နေခဲ့တဲ့ ပုံစံကို အခြေခံပြီး ပြောရတာပါ ။ မနှစ်ကလည်း ဘယ်သူမှ ထင်မှတ် မထားခဲ့တဲ့ အနေအထား တစ်ရပ်မှာ ယူနိုက်တက် အသင်းဟာ အမှတ်ပေး ဇယား ထိပ်သီး လေးသင်း စာရင်း ဝင်အောင် လုပ်ပြ နိုင်ခဲ့ပါ သေးတယ် ။ ဒီလိုမျိုး လုပ်ဆောင်ချက် အတွက် တစ်ခါတရံ သူတို့ကို ဂုဏ်ထူးမှတ် ပေးသင့် ပါတယ် ”
” ကျွန်တော် ကတော့ ပရီးမီးယားလိဂ်မှာ သူတို့တွေ ပိုပြီး တည်ငြိမ်ကြဖို့ လိုတယ်လို့ ပြောချင်ပါတယ် ။ အထူးသဖြင့် အိမ်ကွင်းမှာပေါ့ဗျာ ။ အိမ်ကွင်း ပရိသတ်တွေ ရှေ့မှောက် 6 ပွဲ ၊ 7 ပွဲ လောက်သာ အထူး ကောင်းပြလိုက်ပါ ၊ အဲ့တာဆို သူတို့ တွေက အမှတ်ပေး ဖလားကို စိန်ခေါ် နိုင်စွမ်း မရှိဘူးလို့ ပြောရဲတဲ့သူတောင် မရှိသလောက် ဖြစ်သွားပါ လိမ့်မယ် ” လို့ ဝက်စ် ဘရောင်းက ပြောကြား သွားခဲ့လိုက် ပါတယ် ။