ပီအက်စ်ဂျီတိုက်စစ်မှူး ကိုလိုမူအာနီဟာ ပရီးမီးယားလိဂ်ထိပ်သီးကလပ်တွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ တော့တင်ဟမ်တို့ရဲစိတ်ဝင်စားမှုတွေရှိနေပေမယ့် အီတလီကလပ် ဂျူဗပ်တပ်စ်သို့သာပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့ဖော်ပြချက်အရ ပြင်သစ်လက်ရွေးစင်ကစားသမားဟာ ဂျူဗင်တပ်စ်သို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့သွားမှာဖြစ်ပြီး ရာသီကုန်အထိ စာချုပ် ချုပ်ဆိုသွားမှာဖြစ်ပါတယ်။ သတင်းတွေအရ ကစားသမားဟာ ဂျူဗင်တပ်စ်နည်းပြ သီယာဂိုမော့တာရဲ့ ကူညီမှုနဲ့အတူ အီတလီမြေသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မူအာနီဟာ ဒီရာမှာ ပီအက်စ်ဂျီအတွက် ပုံမှန်ပွဲထွက်ခွင့်ရဖို့ရုန်းကန်နေရသူဖြစ်ပြီး အရန်ကစားသမားအဖြစ်သာ နေရာရနေတာဖြစ်ပါတယ်။ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ ၅၄ ပွဲကစားပြီး ၁၁ ဂိုးသွင်းယူပေးထားနိုင်တဲ့ ပြင်သစ်သားဟာ ဒီရာသီလီဂူးဝမ်းမှာတော့ ပွဲထွက်ကစားသမားအဖြစ် ၂ ပွဲသာပါဝင်ကစားခွင့်ရထားပါတယ်။
ပီအက်စ်ဂျီသို့မပြောင်းရွှေ့ခင်မှာ မူအာနီဟာ ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဖရန့်ဖတ်မှာနေထိုင်ခဲ့ပြီး ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားခဲ့ရာမှာ ၂၆ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၁၇ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း အသက်-၂၆ နှစ်အရွယ်ကစားသမားဟာ မွေးရပ်မြေပြင်သစ်မှာတော့ ပုံစံကောင်းရဖို့ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။
မူအာနီအနေနဲ့ မကြာမီရက်ပိုင်းအတွင်းမှာပဲ ဂျူဗင်တပ်စ်သို့အငှားစာချုပ်နဲ့ထွက်ခွာသွားကြောင်း အတည်ပြုသွားမှာဖြစ်ပြီး လာမယ့်စနေနေ့ အေစီမီလန်နဲ့ပွဲစဉ်မှာ အသင်းသစ်အတွက် စတင်ပါဝင်ကစားသွားနိုင်ဖွယ်ရှိနေပါတယ်။