ဂန်းနား ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး က ယူကရိန်း ကို လေးဂိုးပြတ် အနိုင်ရခဲ့တဲ့ အင်္ဂလန် အသင်း ရဲ့ နိုင်ပွဲကို ပြီးပြည့်စုံတဲ့ နိုင်ပွဲလို့ ချီးကျူးလိုက်ပြီး Three Lions တို့ ဖိုင်နယ် တက်လှမ်း နိုင်လိမ့်မယ်လို့ ထောက်ခံ လိုက်ပါတယ် ။
ယနေ့ နံနက် အစောပိုင်းက ကစားခဲ့တဲ့ ကွာတားဖိုင်နယ် နောက်ဆုံး ပွဲစဉ်မှာ အင်္ဂလန် အသင်းဟာ ယူကရိန်း အသင်းကို လေးဂိုး ဂိုးမရှိ နဲ့ ဂိုးပြတ် အနိုင် ရသွားခဲ့ပါတယ် ။ အင်္ဂလန် အသင်းအတွက် ဂိုးတွေကိုတော့ ဟယ်ရီကိန်း က ၂ ဂိုး ၊ မက်ဂွိုင်းယား နဲ့ ဟန်ဒါဆန် တို့က ၁ ဂိုးစီ သွင်းယူ ပေးခဲ့ကြတာပါ ။
အင်္ဂလန် အသင်း ပွဲအပြီးမှာ အာဆင်ဝင်းဂါး က ” အင်္ဂလိပ် ဘောလုံးလောက အတွက် ပြီးပြည့်စုံတဲ့ ညတစ်ည ၊ အင်္ဂလန် လက်ရွေးစင် ဘောလုံး အသင်းအတွက် ပြီးပြည့်စုံတဲ့ ညတစ်ည ပါပဲ ။ “
” သူတို့ ပေးဂိုး တစ်ဂိုးမှတောင် မပေးထားရသေးပါဘူး ၊ အလွယ်တကူပဲ ကျော်ဖြတ် နိုင်ခဲ့တာပါ ၊ အရေးပါတဲ့ ကစားသမားတွေကိုလည်း အနားပေး နိုင်ခဲ့ပါတယ် ။ “
” ဖြတ်တင်ဘောတွေကနေ သူတို့ သွင်းဂိုး ၃ ဂိုးအထိ ရခဲ့ပါတယ် ၊ တစ်ခါတစ်လေမှာ သေးငယ်တဲ့ အရာလေးတွေက ကြီးမားတဲ့ သက်ရောက်မှုကို ဖြစ်စေပါတယ် ၊ ဒီနေ့ပွဲ ပထမပိုင်းမှာ ယူကရိန်းအသင်း သူတို့ ဗဟို နောက်ခံလူကို ဆုံးရှုံးလိုက်ရတာက သက်သေပါပဲ ၊ အင်္ဂလန် အသင်း စိတ်ကြိုက် ခေါင်းတိုက်ခွင့်တွေ ရသွားခဲ့ပါတယ် ၊ ဒါက ဒီလိုအဆင့်မှာ မမျှော်လင့်ထားမိတဲ့ အရာပါပဲ ။ “
” ယူကရိန်း က သွင်းဂိုး ၃ ဂိုးကို အလွယ်တကူ ခွင့်ပြု ပေးခဲ့ပါတယ် ၊ ဒုတိယမြောက်ဂိုးက ပွဲကို အဆုံးသတ် သွားစေတာပါပဲ ၊ အင်္ဂလန် အတွက် လွယ်ကူတဲ့ ပွဲတစ်ပွဲ ဖြစ်သွား ခဲ့ပါတယ် ၊ ဒါပေမယ့် အင်္ဂလန် လည်း ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ် ၊ ဒီနေ့ညမှာ သူတို့အတွက် အရေးကြီးဆုံးက ဂိုးမပေးရဖို့ပါပဲ ။ “
” ခံစစ် ဂိုးမပေးရတာက ဖိုင်နယ် ရောက်ဖို့ နဲ့ အနိုင်ရဖို့ အတွက် အရေးပါတဲ့ အရည်အသွေး တစ်ခုပါပဲ ။ သူတို့ ခံစစ်ပိုင်း အရင်ကထက် ပိုတည်ငြိမ် နေပါတယ် ။ “
” တိုက်စစ်ဆင်တဲ့ အခါမှာ ကောင်းမွန် ပြည့်စုံဖို့ အတွက် သူတို့ အဖြေရှာနေရတုန်းပါပဲ ၊ဒါပေမယ့် သူတို့က ရပ်တန့်ဖို့ ခက်ခဲတဲ့ အသင်း ဖြစ်နေပြီလို့ ကျနော် ထင်မြင်မိပါတယ် ။ ဆီမီးဖိုင်နယ် ပွဲအတွက် သူတို့ အခု အိမ်ပြန်ရပါတော့မယ် ၊ အင်္ဂလန် အသင်း ဖိုင်နယ် မရောက်အောင် တားဆီး နိုင်ဖို့ ခက်ခဲ ပါလိမ့်မယ် ။ ” လို့ ဆိုပါတယ် ။
အင်္ဂလန် အသင်းဟာ ဆီမီးဖိုင်နယ်မှာတော့ ချက်အသင်းကို ကျော်ဖြတ်လာတဲ့ ဒိန်းမတ် အသင်း နဲ့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ် ။