ဇန်နဝါရီ စျေးကွက် အတွင်း အက်သလက်တီကို အသင်းကနေ ချဲလ်ဆီး အသင်းသို့ ယူရို ၁၁သန်း ၊ ၆လ အငှားနဲ့ ပြောင်းလာတဲ့ ပေါ်တူဂီ လက်ရွေးစင် နောက်ချန်တိုက်စစ်မှူး ယာအို ဖီးလစ်ဟာ တလကြာလာတဲ့ အထိ ပရီးမီးယားလိဂ် တပွဲသာ ကစားထားရပါသေးတယ် ။
ပထမဆုံး ပွဲထွက်ခွင့်လည်းဖြစ် ၊ debut ပွဲလည်း ဖြစ်တဲ့ ဖူလ်ဟမ်နဲ့ လန်ဒန်ဒါဘီမှာ ဖီးလစ် တယောက် ခြေစွမ်း ပေါ်လွင်ခဲ့ပြီး ၊ ယခုနှစ် လက်ကျန် ဘောလုံးရာသီမှာ ချဲလ်င်္ဆီး တိုက်စစ်ရဲ့ အဖြေ ဖြစ်လာလောက်နိုင်တဲ့ အထိ ခြေစွမ်းပြခဲ့ပေမယ့် ၊ တိုက်ရိုက် အနီကတ်ကြောင့် ယနေ့ည ဝက်စ်ဟမ်းနဲ့ လန်ဒန်ဒါဘီပွဲမှာသာ ပြန်ပါလာဖို့ ရှိပါတယ် ။
တမြန်နေ့ကမှ ပြုလုပ်ခဲ့တဲ့ AS သတင်းဌာနနဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ အသက် ၂၃နှစ် အရွယ်ရှိ ယင်းပေါ်တူဂီသားဟာ အက်သလက်တီကိုကနေ ချဲလ်ဆီးသို့ အပြီး ပြောင်းလာနိုင်ဖို့ အကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေး ဖြေဆိုမှုတွေ လုပ်ခဲ့ပါသေးတယ် ။
လက်ရှိ အငှား စာချုပ်မှာ အပြီးသတ် ခေါ်ယူခွင့် မပါသလို ၊ အက်သလက်တီကိုဖက်ကပါ အငှားမချခင် စာချုပ် သက်တမ်း ထပ်တိုးထားတာကြောင့် ဖီးလစ်ကို လာမယ့် နွေရာသီမှာ ခေါ်ယူမယ်ဆိုရင်တောင် ချဲလ်ဆီးတို့ အတွက် လွယ်ကူဖို့ မရှိတာ သေချာပါတယ် ။
ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်ကတော့ အထောင်တိုက်စစ်မှူး မဟုတ်တဲ့ ဖီးလစ်ကို ပေါင်သန်း ရာကျော် ပေးပြီး ခေါ်မယ့် အစား ၊ သွင်းဂိုးတွေ အတွက် အမှန်တကယ် ထိရောက်စေမယ့် တော့တင်ဟမ် တိုက်စစ်မှူး ဟယ်ရီကိန်းကိုသာ ကြိုးစား ခေါ်ကြည့်ဖို့ အသင်းဟောင်းထံ အခုလိုပဲ တိုက်တွန်းသွားခဲ့ပါတယ် ။

ဟက်ဆယ်ဘိန့်ခ် က ” ချဲလ်ဆီးဟာ တိုက်စစ်မှူး တဦး လိုတာပါ ။ ဟယ်ရီကိန်းက ချဲလ်ဆီးကို ပြောင်းချင်မှ ပြောင်းလာမှာ ဖြစ်ပေမယ့် ၊ ချဲလ်ဆီးကတော့ ကိန်းကို ခေါ်ဖို့ ဆွဲဆောင်သင့်ပါတယ် ။ သူ့ဖက်က ငြင်းကောင်းငြင်းနိုင်ပေမယ့် ၊ ခင်ဗျား အနေနဲ့ အနည်းဆုံးတော့ ကြိုးစားကြည့်သင့်ပါတယ် ။ ”
” ကိန်းနဲ့သာဆိုရင် သူ ရောက်ရာနေရာတိုင်း ဂိုးတွေ အမြဲလိုက်ပါတယ် ။ ဒီတော့ ကြိုးစားကြည့်မယ်ဆို သူ့ကို ရနိုင်တဲ့ အခွင့်အရေး တခုကတော့ ရှိကောင်းရှိနေမှာပါပဲ ။ အကယ်၍ တော့တင်ဟမ်တို့ ဒီရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ရင်ပေါ့ ”

” ချဲလ်ဆီးကလည်း ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ဘူးဆိုရင် ၊ လောလောဆယ်မှာ သူတို့ဟာ တော့တင်ဟမ်ထက်တောင် Top 4 ဝင်ဖို့ အလားအလာ ပိုပြီး နည်းနေပါတယ် ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်တွေကို ပြန်ကြည့်မယ်ဆိုရင် ချဲလ်ဆီးကို ပြောင်းတာက ဆုဖလား ရနိုင်ဖို့ ပိုကြီးတဲ့ အခွင့်အရေး ရှိပါတယ် ။ ”
” ဒီနေရာမှာ တော့တင်ဟမ်က အထူး ရုန်းကန်ထားရပါတယ် ။ ကိန်းဟာ တော့တင်ဟမ်နဲ့ ၁၈လသာ စာချုပ်သက်တမ်း ကျန်တော့တာပါ ။ ဒီတော့ သူ့အတွက် တောင်းမယ့် ပြောင်းရွှေ့ကြေးက ပေါင်သန်း ၁၀၀တော့ ကျော်မယ်မထင်ပါဘူး ။ ဒီထက် နည်းဖို့ပဲ ရှိပါလိမ့်မယ် ။ ”

” ယာအို ဖီးလစ်ဟာ အက်သလက်တီကိုက တောင်းဆိုတဲ့ ပေါင် ၁၂၄သန်း အထိ ပေးပြီး ခေါ်ဖို့ အထိ မထိုက်တန်ပါဘူး ။ သူဟာ ကမ္ဘာ့အဆင့် ကစားသမား ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ် ။ ကျွန်တော် သူ့ကို ကစားသမား တယောက် အနေနဲ့ ချီးမြှောက်ပါတယ် ။ ဒါပေမယ့် သူဟာ အက်သလက်တီကိုမှာတောင် ခြေစွမ်းကောင်းကောင်း မပြထားပါဘူး ။ ဒီတော့ သူ့အတွက် ပေါင် ၁၂၄သန်း တောင်းဆိုလို့ မရပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။