PSG အသင်းသည် ဒဏ်ရာပြဿနာကြောင့် ယခုအချိန်အထိ တစ်ပွဲမှမကစားနိုင်သေးသည့် ၀ါရင့်နောက်ခံလူ ဆာဂျီယိုရာမို့စ်၏စာချုပ်ကို ပြန်လည်ဖျက်သိမ်းရန် စဉ်းစားနေပြီဖြစ်ကြောင်း ပြင်သစ်နိုင်ငံထုတ် Le Parisien သတင်းစာ၏ဖော်ပြမှုအရ သိရသည်။
PSG အသင်းသည် ယခုနွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့သည့် စပိန်နောက်ခံလူ ရာမို့စ် (၃၅ နှစ်)ကို ပြောင်းရွှေ့ကြေးမပါဘဲ အလွတ်ခေါ်ယူခွင့်ရခဲ့ပြီး နှစ်နှစ်စာချုပ် ချုပ်ဆိုထားသည်။
PSG အသင်းအနေဖြင့် ၎င်း၏စိတ်ကြိုက် နံပါတ် ၄ ကိုလည်း ဝတ်ဆင်ခွင့်ပြုထားပြီး ယခင်ဝတ်ဆင်နေသည့် နောက်ခံလူ ကယ်ဟာမှာ နံပါတ် ၂၄ ပြောင်းလဲဝတ်ဆင်ခဲ့ရသည်။
သို့သော် ရာမို့စ်သည် ခြေသလုံးဒဏ်ရာကြောင့် ကြံ့ခိုင်မှုမပြည့်ဝဘဲ လီဂူး-၁ ပြိုင်ပွဲ သုံးပုံတစ်ပုံနှင့် ချန်ပီယံလိဂ်အုပ်စုပွဲစဉ်များ ပထမအကျော့ပြီးဆုံးချိန်အထိ တစ်ပွဲမှ ကစားနိုင်ခြင်းမရှိသေးရာ PSG အသင်း တာဝန်ရှိသူများအနေဖြင့် ၎င်းအပေါ် စိတ်ရှည်သည်းခံမှု ကုန်ဆုံးလာပြီဖြစ်ကြောင်း Le Parisien သတင်းစာက ရေးသားဖော်ပြခဲ့သည်။
PSG အသင်းက ယင်းသတင်းများကို အတည်ပြုဖြေကြားခြင်းမရှိသော်လည်း ၎င်းအား ခေါ်ယူမိခြင်းမှာ မှားယွင်းပြီဟု ခံစားနေရကြောင်း Le Parisien က ဖော်ပြသည်။
နာမည်ကြီး ပြင်သစ်သတင်းစာဖြစ်သည့် L’Equipe ကလည်း မကြာသေးမီက ရာမို့စ်၏ကြံ့ခိုင်မှုအခြေအနေကို လှောင်ပြောင်ခဲ့ကြောင်း သိရသည်။