အေစီမီလန်အသင်း၏ ဒါရိုက်တာဟောင်းတစ်ဦးဖြစ်သူ အာရီဒိုဘရိုင်ဒါက ယခုရာသီ စကူဒက်တိုချန်ပီယံဆုအား အေစီမီလန်အသင်းရယူနိုင်လိမ့်မည်ဟုယုံကြည်ကြောင်းနှင့် နည်းပြပီအိုလီနှင့် အားကစားဒါရိုက်တာ မာလ်ဒီနီတို့မှာ အံ့မခန်းအောင်မြင်မှုကို ရယူနိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။
အေစီမီလန်အသင်းသည် ယခုရာသီ စီးရီးအေပွဲစဉ် (၇)ပွဲကစားပြီးချိန်တွင် (၆)ပွဲနိုင်၊ (၁)ပွဲဥရေ ရလဒ်ဖြင့် ရှုံးပွဲမရှိသေးဘဲ ရမှတ် (၁၉)မှတ်ရရှိထားပြီး ဇယားထိပ်ဆုံးတွင်ရပ်တည်နေသည့် နာပိုလီ (၇ ပွဲကစား၊ ၇ ပွဲနိုင်) (၂၁)မှတ်၏နောက် အမှတ်ပေးဇယား ဒုတိယနေရာတွင်ရပ်တည်နေသည်။
အေစီမီလန်အသင်း၏ ယခုရာသီ တည်ငြိမ်မှုနှင့် စွမ်းဆောင်ရည်ကောင်းများကြောင့် စကူဒက်တိုချန်ပီယံဆုအတွက်ရေပန်းစားမှုများမြင့်တက်နေသည်။
အေစီမီလန်၏ စီးရီးအေချန်ပီယံဆုမျှော်လင့်ချက်နှင့်ပတ်သက်ပြီး ဘရိုင်ဒါက ”အေစီမီလန်အသင်းအနေနဲ့ ဒီရာသီမှာ စကူဒက်တိုချန်ပီယံဆုကို ရယူနိုင်မယ်လို့ကျွန်တော်ထင်ပါတယ်။ မာလ်ဒီနီနဲ့ ပီအိုလီတို့ဟာ အံ့အားသင့်စရာအလုပ်တစ်ခုကို လုပ်နိုင်မှာပါ” ဟုပြောကြားခဲ့သည်။
ဘရိုင်ဒါသည် အေစီမီလန်အသင်းတွင် နှစ်ပေါင်း (၂၀)ကျော်တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် အားကစားဒါရိုက်တာအဖြစ် နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။
အေစီမီလန်အသင်းသည် နည်းပြ ပီအိုလီ၏လက်အောက်တွင် တိုးတက်မှုများစွာရှိလာခဲ့ပြီး ပြီးခဲ့သည့်ရာသီက အမှတ်ပေးဇယားတွင် အဆင့် (၂)နေရာရယူကာ (၇)ရာသီကြာဝေးကွာနေသည့် ချန်ပီယံလိဂ်ဝင်ခွင့်ကိုပြန်လည်ရယူနိုင်ခဲ့သလို၊ ယခုရာသီတွင်လည်း စီးရီးအေချန်ပီယံဆုကို မျှော်လင့်နိုင်သည်အထိ စွမ်းဆောင်ရည်ပိုမိုတိုးတက်လာခဲ့ခြင်းဖြစ်သည်။