လီဗာပူးလ်တိုက်စစ်ကစားသမား မာနေက ယခု(၂၀၂၀-၂၁)ရာသီမှာ မိမိ၏ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးရာသီဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၉-၂၀ ရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့သည့် လီဗာပူးလ်သည် ယခုရာသီတွင် ရလဒ်များဆိုးရွားခဲ့ပြီး လာမည့် ၂၀၂၁-၂၂ ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရရန်ပင် နောက်ဆုံးအချိန်အထိ ရုန်းကန်ရဖွယ်ရှိနေသည်။
ထို့အတူ လီဗာပူးလ်တိုက်စစ်ကစားသမား မာနေမှာလည်း ယခုရာသီတွင် ရုန်းကန်နေရပြီး ပြိုင်ပွဲစုံ (၄၄)ပွဲတွင် (၁၄)ဂိုးသာ သွင်းယူထားနိုင်ခဲ့သည်။
မာနေက “ဒီရာသီဟာ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက် အဆိုးရွားဆုံးရာသီဖြစ်တယ်ဆိုတာကို ကျွန်တော် ဝန်ခံရမှာပါ။ ဘာကြောင့် ဒီလိုဖြစ်သွားရတာလဲလို့ တစ်ယောက်ယောက်က မေးလာခဲ့မယ်ဆိုရင် ဘာကြောင့်ဆိုတာကို ကျွန်တော် မဖြေနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင် နားမလည်နိုင်လို့ပါပဲ။ ဘဝမှာ အတက်အကျရှိတယ်ဆိုတာ နားလည်ဖို့ ကျွန်တော် ကြိုးစားရပါမယ်။ အခုအခြေအနေဆိုးကနေ ရုန်းထွက်နိုင်ဖို့အတွက် ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။
မာနေသည် လီဗာပူးလ်အသင်းတွင် စတင်ကစားခဲ့သည့် ၂၀၁၆-၁၇ ရာသီမှ စပြီး ပရီးမီးယားလိဂ်တွင် တစ်ရာသီလျှင် အနည်းဆုံး (၁၃)ဂိုးနှင့်အထက် သွင်းယူနိုင်ခဲ့သော်လည်း ယခုရာသီ ပရီးမီးယားလိဂ် (၃၁)ပွဲတွင် (၉)ဂိုးသာ သွင်းယူထားနိုင်သည်။