မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းနားက ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရသည်ဟု ဖွင့်ဟခဲ့သည်။
အသက် (၃၀)နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံကွင်းလယ်ကစားသမား ဒီဘရိုင်းနားသည် ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်တွင် (၁၁)ပွဲကစားရာတွင် (၅)ပွဲသာ ပွဲထွက်အဖြစ် ကစားနိုင်ခဲ့သည်။
ထို့ပြင် ၎င်းသည် ယခုရာသီတွင် မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ပွဲသာ ပါဝင်ကစားနိုင်သေးပြီး (၃)ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁)ကြိမ် ပြုလုပ်ထားသည်။
ဒီဘရိုင်းနားက မိမိအနေဖြင့် ယခုရာသီတွင် နာကျင်မှုများဖြင့် ကစားနေရသည့်အတွက် ယခင်ရာသီများထက် ခက်ခဲကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒီဘရိုင်းနားက “ဒီနှစ်ကတော့ အရင်နှစ်တွေကထက် ကျွန်တော့်အတွက် ခက်ခဲပါတယ်။ အရမ်းကြီး ဆိုးရွားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ရုပ်ပိုင်းဆိုင်ရာအရရော၊ စိတ်ပိုင်းဆိုင်ရာအရပါ ခက်ခဲပါတယ်။ နွေရာသီအားလပ်ရက်တွေက ပြန်လာတော့ ကျွန်တော့်အနေနဲ့ နာကျင်မှုတွေကို ခံစားခဲ့ရပါတယ်။ ဒီရာသီအစမှာလည်း နာကျင်မှုတွေ ခံစားခဲ့ရပြီး ကျွန်တော် ထင်ထားတာထက်တောင် ဆိုးပါတယ်”ဟု ပြောကြားခဲ့သည်။