မန်ချက်စတာ ယူနိုက်တက် ကစားသမားဟောင်းကြီးဖြစ်သူ လူးဝစ် နာနီကတော့ ကစားသမားဘဝရဲ့ (၁၀)သင်းမြောက် ကလပ်အသင်းအဖြစ် သူ့မွေးရပ်မြေက ကလပ်အသင်းလေး အစ်စတယ်လာ အန်မာဒိုရာကို တစ်နှစ်စာချုပ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့သွားခဲ့ပါတယ်။
အသက် (၃၇)နှစ်တောင် ရှိနေပြီဖြစ်တဲ့ ပေါ်တူဂီ လက်ရွေးစင်ဟောင်းကြီး နာနီဟာ ပေါ်တူဂီ ထိပ်သီးကလပ် စပို့တင်း လစ္စဘွန်းအသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရင်း ၂၀၀၇ခုနှစ်မှာပဲ မန်ယူနိုက်တက်အသင်းဆီ ရောက်ရှိလာခဲ့ပါတယ်။ အလိမ်အခေါက်တွေ ဖြတ်တင်ဘောတွေသာမက ဧရိယာပြင်ပကနေ ဂိုးကန်သွင်းချက်တွေပါ ကောင်းမွန်တဲ့ နာနီဟာ တောင်ပံနှစ်ဖက်လုံး ကစားနိုင်သူလည်းဖြစ်ပြီး ယူနိုက်တက်အတွက်လည်း ပွဲပေါင်း (၂၃၀)အထိ ပါဝင်ကစားဖြစ်ခဲ့ပါတယ်။
ယူနိုက်တက်မှာ ပါဝင်ခဲ့စဉ်တုန်းက နာနီဟာ အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလား ကလပ်ကမ္ဘာ့ဖလား လိဂ်ဖလားနဲ့ ကွန်မြူနတီဒိုင်းတို့ကို ဆွတ်ခူးခဲ့ပြီး အလှပဆုံးသော သွင်းဂိုးများစွာကိုလည်း သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နည်းပြကြီး ဖာဂူဆန် ယူနိုက်တက်ကို စွန့်ခွာပြီး နောက်ပိုင်းမှတော့ ယူနိုက်တက်မှာ နာနီရဲ့ အခန်းကဏ္ဍာဟာလည်း မှေးမှိန်လာခဲ့ရပါတယ်။
စပို့တင်းဆီ အငှားပြန်ချခံခဲ့ရပြီး ဖီနာဘာချီကိုပါ အပြီးသတ် ပြောင်းခဲ့ရတဲ့ နာနီဟာ ဗလင်စီယာ လာဇီယို စပို့တင်းတို့ထံ ဆက်တိုက် ပြောင်းရွှေ့ခဲ့ရပြီး မေဂျာလိဂ်ကလပ် အော်ဒိုလိုစီးတီးနဲ့ စီးရီးအေကလပ် ဗင်နီဇီယာဆီလည်း ရောက်ခဲ့ပြန်ပါတယ်။ အဲ့ဒီကနေ သြစတြေးလျ အေလိဂ်ကလပ် မဲလ်ဘုန်း ဗစ်ထရီဆီလည်း ရောက်သေးလို တူရကီကလပ် ဒီမီယာစပေါမှာလည်း ကစားခဲ့ပြီး ဇူလိုင်မှာ free agent player ပြန်ဖြစ်သွား
ရပါတယ်။
ကစားသမားဘဝမှာ အင်္ဂလန် စပိန် အီတလီ ပေါ်တူဂီ တူရကီတွေအထိ ကျင်လည်ခဲ့ဖူးသလို သြစတြေးလျနဲ့ အမေရိကန်မှာပါ ဖြတ်သန်းခဲ့ဖူးသေးတဲ့ နာနီက အခုတော့ အသင်းသက်တမ်းတောင် (၄)နှစ်ပဲ ရှိသေးတဲ့ လစ္စဘွန်း အခြေစိုက် အစ်စတယ်လာ အန်မာဒိုရာအသင်းဆီကို တစ်နှစ်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့ပြီး ဒါဟာ နာနီအတွက် (၁၀)သင်းမြောက် ကလပ်အသင်းလည်း ဖြစ်လာပါတယ်။
နာနီရဲ့ ကလပ်အသင်းသစ် အစ်စတယ်လာ အန်မာဒိုရာဟာ ပြီးခဲ့တဲ့ ရာသီကတည်းက ပေါ်တူဂီ အမှတ်ပေးလိဂ်ပြိုင်ပွဲကြီးဆီကို တန်းတက်ထားနိုင်ခဲ့တာဖြစ်ပြီး အခုဆိုရင် နာနီလို ပေါ်တူဂီ ထိပ်တန်း ကစားသမားကြီးကိုပါ ခေါ်ယူ ဖြည့်တင်းထားနိုင်ခဲ့လို့ ဒါက သူတို့အသင်းအတွက် အကောင်းဆုံး အထောက်အကူ ဖြစ်စေမှာ သေချာနေပါတယ်။