အင်တာမီလန်အသင်း၏ အမှုဆောင်ချုပ်ဟောင်းဖြစ်သူ ပါအိုလစ်လိုက မိမိအနေဖြင့် အသင်းမှထွက်ပြေးခဲ့သည့် မော်ရင်ဟိုကို ဘယ်တော့မှခွင့်မလွှတ်ကြောင်း ပြောကြားခဲ့သည်။
ပါအိုလစ်လိုသည် အင်တာမီလန်အသင်း၏အမှုဆောင်ချုပ်အဖြစ် ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်သည်။
၎င်းတာဝန်ဆောင်နေစဉ်အတွင်း ၂၀၁၀ ပြည့်နှစ်တွင် အင်တာမီလန်အသင်းသည် မော်ရင်ဟို၏ဦးဆောင်မှုဖြင့် ချန်ပီယံလိဂ်ဖလားအပါအဝင် တစ်နှစ်တည်းအတွင်း ဆုဖလား (၃)လုံးအထိ စံချိန်တင်ရရှိခဲ့သည်။
သို့ သော် ချန်ပီယံလိဂ်ဖိုင်နယ်အပြီးတွင် မော်ရင်ဟိုသည် ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်နှင့်တွေ့ဆုံခဲ့ကာ ရီးယဲလ်အသင်းသို့ ပြောင်းရွှေ့သွားကြောင်း သိရှိရသည်။
ပါအိုလစ်လိုက ”ဆုဖလား (၃)လုံးရရှိခဲ့ပေမဲ့ အသင်းက သွေးသစ်လောင်းရတော့မှာပါ။ ချန်ပီယံအသင်းဖြစ်ပေမဲ့ ပြောင်းလဲမှု မဖြစ်မနေလုပ်ရမှာဖြစ်ပြီး ဒါကို မော်ရင်ဟိုလည်း သိပါတယ်။ ဒါကြောင့် သူထွက်ပြေးသွားတာပါ။ အဲ ဒီအတွက် သူ့ကို ကျွန်တော် လုံးဝခွင့်မလွှတ်နိုင်ပါဘူး”ဟု ဆိုခဲ့သည်။