မိုဟာမက်ဆာလားဟာ လီဗာပူး အသင်းမှာ မပျော်မရွှင် ဖြစ်နေပြီး The Reds တို့ဟာ အီဂျစ် လက်ရွေးစင်ကို ရောင်းချသွားဖို့ အတွက် စဉ်းစား နေတယ်လို့ ဆာလားရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း တစ်ဦး ဖြစ်သူ မိုဟာမက် အဘူထရီကာက ပြောလိုက်ပါတယ်။ အဘူထရီကာက အီဂျစ်စတားဟာ မစ်ဂျီလန်းနဲ့ ကစား ခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ လီဗာပူး ရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန် မယူ ခဲ့ရတဲ့ အတွက် ဒေါသထွက် နေတယ်လို့ ယုံကြည် နေပါတယ်။
ဆာလားဟာ မကြာသေးမီက စပိန် နာမည်ကြီး အားကစား သတင်းဋ္ဌာန ဖြစ်တဲ့ AS နဲ့ ပြုလုပ် ခဲ့တဲ့ အင်တာဗျူးမှာ ဘာစီလိုနာ နဲ့ ရီးရဲယ်မက်ဒရစ် အသင်းတို့ အတွက် တံခါးဖွင့် ပေးထားဟန် ပြောကြား သွားခဲ့ပြီး သူ့ရဲ့ အနာဂတ်ဟာ လီဗာပူးရဲ့ လက်ထဲမှာ ရှိနေတယ်လို့ ပြောခဲ့ ပါတယ်။ ယာဂန်ကလော့ ကတော့ ဆာလားရဲ့ မှတ်ချက်တွေနဲ့ ပက်သက်ပြီး တစ်စုံတစ်ရာ ပြောဆိုဖို့ ငြင်းဆန် ခဲ့ကာ အရာအားလုံး အိုကေတယ်လို့ ဆိုလိုက်ပါတယ်။ ဒါပေမယ့်လည်း ဆာလားနဲ့ အလွန် ရင်းနှီးတဲ့ အဘူထရီကာ ကတော့ ဒီလိုမျိုး မထင်ထားပါဘူး။
အဘူထရီကာက “လီဗာပူးမှာ သူ ကြုံတွေ့ နေရတဲ့ အခြေအနေနဲ့ ပက်သက်ပြီး ကျွန်တော် သူ့ကို ဖုန်းခေါ် ခဲ့ပါတယ်။ သူဟာ စိတ်ပျက်လက်ပျက် ဖြစ်နေပါတယ်။ ဒါပေမယ့် ဒါဟာ သူ့ရဲ့ ကွင်းအတွင်း စွမ်းဆောင်ရည် အပေါ် တစ်စုံတစ်ရာ သက်ရောက်မှု မရှိပါဘူး။ ဆာလားဟာ လီဗာပူး အသင်းမှာ ပျော်ရွှင်မှု မရှိဘူး ဆိုတာကို ကျွန်တော် သိပါတယ်။
လီဗာပူးမှာ ဘာကြောင့် မပျော်ရွှင်တာလဲ ဆိုတဲ့ အကြောင်းရင်းကို သူ ကျွန်တော့်ကို ပြောပြ ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြား ပြောခဲ့တဲ့ စကားတွေဟာ လျို့ဝှက်ချက်ပါ။ ကျွန်တော် ဒါတွေကို လူသိရှင်ကြား ပြောကြား သွားလို့ မရပါဘူး။ ဆာလားကို ဒေါသထွက် စေခဲ့တဲ့ အကြောင်းရင်းတွေ ထဲက တစ်ခု ကတော့ မစ်ဂျီလန်းနဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ သူ့ကို အသင်းခေါင်းဆောင် ရာထူး မပေးခဲ့လို့ ဖြစ်ပါတယ်။
အကယ်၍ ဆာလားသာ ရီးရဲယ်မက်ဒရစ် ဒါမှမဟုတ် ဘာစီလိုနာ ကစားသမား တစ်ဦး ဖြစ်နေပြီး လီဗာပူးမှာ လုပ်ပြ နေသလိုမျိုး လုပ်နိုင်ခဲ့မယ် ဆိုရင် သူဟာ ဘလွန်းဒီအောဆုတောင် ရနိုင်ပါတယ်။ ရီးရဲယ်မက်ဒရစ် နဲ့ ဘာစီလိုနာ တို့နဲ့ ပက်သက်ပြီး ဆာလားကို မေးမြန်းတာဟာ စပိန် သတင်းစာရဲ့ လုပ်ပြကြ ပုံစံအတိုင်း ဖြစ်ပါတယ်။ ဒါဟာ သာမန် ပါပဲ။
ကျွန်တော့်ရဲ့ အမြင်အရ လီဗာပူးဟာ စီးပွားရေးဆိုင်ရာ ရည်ရွယ်ချက်တွေ အတွက် ဆာလားကို ရောင်းချ သွားဖို့ စဉ်းစား နေမယ်လို့ ထင်ပါတယ်။ ဆာလားရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပက်သက်ပြီး ကျွန်တော့် အနေနဲ့ တစ်စုံတစ်ရာ လွှမ်းမိုးမှု လုပ်နိုင်မှာ မဟုတ်ပါဘူး။ သူဟာ ကျွန်တော့်ရဲ့ သူငယ်ချင်း ဖြစ်သလို ညီအကို ဆိုလည်း မမှားပါဘူး။ သူဟာ သူ့အတွက် အကောင်းဆုံးက ဘယ်အရာ ဖြစ်သလဲ ဆိုတာ ကောင်းကောင်း သိပါတယ်။” လို့ ဆိုလိုက်ပါတယ်။
ကလော့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ဘာကို မပျော်မရွှင် ဖြစ်နေတာလဲ ဆိုတဲ့ မေးခွန်းကို ဆာလားက “ရိုးရိုးသားသား ပြောရမယ် ဆိုရင် ကျွန်တော် တအား စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ ပါတယ်။ ကျွန်တော်ဟာ မစ်ဂျီလန်းနဲ့ ပွဲမှာ အသင်းခေါင်းဆောင် ဖြစ်ဖို့ မျှော်လင့် နေခဲ့တာပါ။ ဒါပေမယ့် ဒါဟာ နည်းပြရဲ့ ဆုံးဖြတ်ချက်ပါ။ ကျွန်တော် ဒါကို လက်ခံပါတယ်။” လို့ ဆိုခဲ့ပါတယ်။
အနာဂတ်နဲ့ ပက်သက်ပြီး မေးမြန်းမှုကိုလည်း ဆာလားက “အနာဂတ်မှာ ဘာဖြစ်လာမလဲ ဆိုတာ ဘယ်သူ သိနိုင်မှာလဲ။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော် လီဗာပူးနဲ့ အတူ ပရီးမီးယားလိဂ် ဖလား နဲ့ ချန်ပီယံလိဂ် ဖလားကို ထပ်မံ ဆွတ်ခူးနိုင်အောင် အာရုံစိုက်ထား ပါတယ်။ ဒါဟာ ဖြေကြားရ ခက်ခဲတဲ့ မေးခွန်းပါ။ ဒါပေမယ့် အခုချိန်မှာ ကျွန်တော် ပြောနိုင်တာ ကတော့ အရာအားလုံးဟာ ကလပ်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။
ကျွန်တော် ကတော့ ဒီကလပ်မှာ စံချိန်တွေကို ချိုးဖျက် သွားချင်ပါတယ်။ ကျွန်တော် ထပ်ပြောချင် တာကတော့ ရှိသမျှ ကလပ်ရဲ့ စံချိန်တွေ အားလုံးကိုပါ။ ဒါပေမယ့် အနာဂတ်နဲ့ ပက်သက်ပြီး အရာအားလုံးဟာ ကလပ်ရဲ့ လက်ထဲမှာပဲ ရှိနေပါတယ်။” လို့ ဆိုလိုက်ပါတယ်။
လီဗာပူးတို့ ခရစ်စတယ်ပဲလေ့စ်ကို အနိုင် ရခဲ့ပြီးနောက် AS နဲ့ အင်တာဗျူး လုပ်ခဲ့တဲ့ ဆာလားရဲ့ အကြောင်းကို မေးမြန်းရာမှာ ကလော့က “AS နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးနဲ့ ပက်သက်ပြီး ကျွန်တော့်ဘက်က ဘာမှ ပြောစရာ မရှိပါဘူး။ ကျွန်တော် ဘက်ကတော့ အားလုံး အဆင်ပြေပါတယ်။” လို့ တုန့်ပြန်ခဲ့ပါတယ်။