ဥရောပထိပ်တန်းကလပ်များ၏ ပစ်မှတ်ထားခြင်းခံနေရသည့် နယ်သာလန်ကြယ်ပွင့်ကစားသမား ဂက်ပို က သူ၏အနာဂတ်နှင့် ပတ်သက်ပြီး ယခုအချိန်တွင် ဘာမျှမပြောနိုင်သေးကြောင်းနှင့် လာမည့်ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်တွင် အခြေအနေ စောင့်ကြည်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
PSV အသင်းတိုက်စစ်မှူး ဂက်ပို (၂၃ နှစ်) သည် ယခုရာသီတွင် ကလပ်အသင်း အတွက် ပြိုင်ပွဲစုံ ၂၄ ပွဲကစား၊ ၁၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်ပေးထားသလို ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း အုပ်စုပွဲစဉ်သုံးပွဲစလုံး တစ်ဂိုးစီ သွင်းယူပေးထားသည်။
၎င်းအား မန်ယူအသင်းက ပြီးခဲ့သည့် နွေရာသီကတည်းက ကြိုးပမ်းခဲ့ပြီး လာမည့် ဇန်နဝါရီတွင် အခြားထိပ်သီးကလပ်များကလည်း ခေါ်ယူနိုင်ရန် ချိတ်ဆက်နေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။
“လက်ရှိမှာတော့ ကျွန်တော် နယ်သာလန်အသင်းနဲ့ အလုပ်ရှုပ်နေပါတယ်။ ဆောင်းရာသီမှာ ဘာတွေဖြစ်မလဲ ကျွန်တော်ကြည့်ရပါမယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ အခု ကမ္ဘာ့ဖလားကို ကျွန်တော်အာရုံစိုက်ထားပါတယ်။ အဲဒီလို (အပြောင်းအရွှေ့သတင်း) ကြားရတာတွေက အမြဲတမ်းကောင်းပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲအတွက်ကိုပဲ အာရုံစိုက်ထားပြီး အကောင်းဆုံးလုပ်နေပါတယ်။ ဘောလုံးက အသင်းလိုက်အားကစားနည်းပါ။ တစ်ဦးတည်းနဲ့ လုပ်လို့မရပါဘူး။ အသင်းနဲ့ပတ်သက်တာကိုပဲ ကျွန်တော် ပိုပြီးရွေးချယ်ဖြစ်မှာပါ” ဟု ဂက်ပိုက ဆိုသည်။