ပြင်သစ်အသင်းနည်းပြ ဒေးရွှမ့်က မိမိအနာဂတ်အတွက် လာမည့်နှစ်ဆန်းပိုင်းတွင် ပြင်သစ်ဘောလုံးအဖွဲ့ချုပ်(FFF)ဥက္ကဋ္ဌနှင့် ဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဒေးရွှမ့် (၅၄ နှစ်)၏စာချုပ်မှာ ကာတာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပြီးဆုံးမည်ဖြစ်ပြီး ပြင်သစ်သမ္မတ မက်ခရွန်က ၎င်းအား စာချုပ်သစ်ချုပ်ဆိုရန် တိုက်တွန်းထားသော်လည်း လာမည့်နှစ်ဆန်းမှသာ ဆွေးနွေးဆုံးဖြတ်မည်ဖြစ်ကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။
”ကျွန်တော်တို့ အနိုင်ရခဲ့ရင်တောင် ဒီညမှာ အခုလိုမေးခွန်းမျိုးကို ကျွန်တော် ဖြေမှာ မဟုတ်ပါဘူး။ ကျွန်တော့်ကစားသမားတွေနဲ့ ဝန်ထမ်းတွေအတွက် စိတ်မကောင်းပါဘူး။ လာမယ့်နှစ်အစမှာ ဥက္ကဋ္ဌနဲ့ ကျွန်တော် ဆွေးနွေးပြီးရင် ခင်ဗျားတို့ သိရမှာပါ။ အသင်းက ခက်ခဲတဲ့အခြေအနေ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒါက ရုပ်ပိုင်းရော စိတ်ဓာတ်ပိုင်းကိုပါ ထိ ခိုက်မှုတွေ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ ပွဲထွက်ကစားခဲ့တဲ့ ကစားသမားတွေအတွက် ကျွန်တော် မစိုးရိမ်ပါဘူး။ သူတို့က ၁၀၀ ရာခိုင်နှုန်း ကြံ့ခိုင်မှုရှိပါတယ်။ ဒါပေမဲ့ နောက်ဆုံး ကစားခဲ့တဲ့ပွဲနဲ့ လေးရက်ပဲ အချိန်ရခဲ့တယ်။ အဲဒါကြောင့် ပင်ပန်းနွမ်းနယ်မှုတော့ ရှိနိုင်တယ်။ ဒါက ဆင်ခြေပေးတာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ပွဲနဲ့ တူညီတဲ့ခွန်အားမျိုး ကျွန်တော်တို့ဆီမှာ မရှိပါဘူး။ အဲဒါကြောင့်လည်း အစောပိုင်း တစ်နာရီလောက်မှာ ကျွန်တော်တို့က ကစားပွဲထဲမှာ ရှိမနေခဲ့တာပါ”ဟု ၎င်းက ပြောကြားသည်။
၁၉၉၈ ကမ္ဘာ့ဖလားနှင့် ယူရို-၂၀၀၀ ချန်ပီယံအသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ပါဝင်ခဲ့သူ ဒေးရွှမ့်သည် ပြင်သစ်အသင်းအား ၂၀၁၂ ခုနှစ် ဇူလိုင်ကတည်းက တာဝန် ယူကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
ပြင်သစ်အသင်းသည် ၎င်းလက်ထက် ၁၀ နှစ်အတွင်း ၂၀၁၈ ကမ္ဘာ့ဖလားနှင့် ၂၀၂၀-၂၀၂၁ UEFA Nations League ချန်ပီယံဆု ဆွတ်ခူးရယူနိုင်ခဲ့ပြီး ယူရို-၂၀၁၆ ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။