ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းအား နည်းပြအဖြစ်ကိုင်တွယ်aနသည့် ဘာစီလိုနာနှင့် စပိန်ဂန္ထဝင်ကွင်းလယ်လူဟောင်း ဇာဗီက မိမိအတွက်ကမ်းလှမ်းမှုများကို တံခါးဖွင့်ထားကြောင်း မက်ဒရစ်အခြေစိုက် TVE ရုပ်သံနှင့် အင်တာဗျူးတွင် ဖြေကြားခဲ့သည်။
အသက် (၄၁)နှစ်အရွယ်ရှိ ဇာဗီသည် ဘာစီလိုနာအသင်း၏ နည်းပြသစ်ဖြစ်လာရန် ရေပန်းစားနေပြီး သတင်းများ ခပ်စိပ်စိပ်ထွက်ပေါ်နေသူ ဖြစ်သည်။
ဘာစီလိုနာအသင်းအနေဖြင့် ရလဒ်ဆိုးများကြုံတွေ့နေသည့် နည်းပြ ရော်နယ်လ်ကိုးမင်းအား ချက်ချင်းမထုတ်ပယ်လျှင်ပင် ၎င်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည့် ယခုရာသီကုန်တွင် နှစ်ဦးသဘောတူလမ်းခွဲပြီး နည်းပြသစ်ခန့်အပ်ရန် စီစဉ်နေကြောင်း စပိန်မီဒီယာများက ဖော်ပြနေကြသည်။
ဘာစီလိုနာအသင်းမှ ကမ်းလှမ်းလာနိုင်ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းမှုများကို ဇာဗီက ”ကမ်းလှမ်းမှုတွေကတော့ တန်ဖိုးအလိုက်ရှိ လာမှာပါပဲ။ အဲဒီနောက်မှာတော့ ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။ ကျွန်တော့် အနာဂတ် ဘယ်လိုဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး။ ဒါပေမဲ့ ကျွန်တော့်အတွက် ကမ်းလှမ်းမှုအားလုံးကိုတော့ တံခါးဖွင့်ထားပါတယ်” ဟု ဖြေကြားခဲ့သည်။
ထို့ပြင် ဇာဗီသည် ဘာစီလိုနာအသင်းတွင် လက်တွဲခဲ့ဖူးသည့် လက်ရှိ စပိန်လက်ရွေးစင်အသင်းနည်းပြ အင်းနရစ်မှာ အလွန်ကောင်းမွန်ပြီး ရဲရင့်သောနည်းပြတစ်ဦးဖြစ်ကြောင်းလည်း ချီးကျူးပြောကြားခဲ့သည်။
ဇာဗီက ”သူ (အင်းနရစ်)ဟာ အလွန်ကောင်းမွန်ပြီး လုပ်နိုင်စွမ်းမြင့်မားတဲ့ နည်းပြတစ်ဦးပါ။ သူဟာ ကစားသမားတွေဆီက အများကြီးတောင်းဆိုပြီး အများကြီးပြန်ပေးတတ်သူပါ။ သူဟာ အလွန်ရဲရင့်သူလည်းဖြစ်ပါတယ်”ဟု အင်းနရစ်နှင့်ပတ်သက်၍ ချီးကျူးပြောကြားခဲ့သည်။