မိမိတို့အသင်းအနေဖြင့် ဆီမီးဖိုင်နယ်ထက် ပိုမြင့်သည့်အဆင့်သို့ တက်ရောက်နိုင်ရန် မျှော်လင့်ထားကြောင်း ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒို ပြောကြား

ပေါ်တူဂီအသင်းခေါင်းဆောင် စီရော်နယ်လ်ဒိုက မိမိတို့အသင်းအနေဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်ထက် ပိုမြင့်သည့်အဆင့်သို့ တက်ရောက်နိုင်ရန် မျှော်လင့်ထားကြောင်း ပြောကြားခဲ့သည်။ 

အသက် ၃၉ နှစ်ကျော်ပြီဖြစ်သည့် စီရော်နယ်လ်ဒိုသည် ယခု ယူရို ၂၀၂၄ ပြိုင်ပွဲကို ၎င်း၏ခြောက်ကြိမ်မြောက်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ စီရော်နယ်လ်ဒိုသည် ပေါ်တူဂီအသင်းလက်ရွေးစင်အသင်းအတွက် ၂၀၇ ပွဲကစားထားပြီး ဂိုး ၁၃၀ အထိ သွင်းယူထားသည်။ ထို့ကြောင့် စီရော်နယ်လ်ဒိုသည် ဘောလုံးသမိုင်းတွင် လက်ရွေးစင်အသင်းအတွက် ပွဲအများဆုံး ကစားသူနှင့် ဂိုးအများဆုံးသွင်းသူအဖြစ်လည်း မှတ်တမ်းဝင်နေသည်။ ထို့ပြင် စီရော်နယ်လ်ဒိုသည် အသက် ၃၉ နှစ်ကျော်နေပြီ ဖြစ်သော်လည်း ပေါ်တူဂီအသင်းတွင် အဓိကကြယ်ပွင့်ကစားသမားအဖြစ် ပွဲထွက်ခွင့်ရနေဆဲဖြစ်သည်။ 

myan789

ပေါ်တူဂီအသင်းနှင့် ယူရို ၂၀၂၄ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဂျာမနီနိုင်ငံသို့ ရောက်ရှိနေသည့် စီရော်နယ်လ်ဒိုက “လမ်းတစ်လျှောက်မှာ ဂျာမန်တွေ၊ ပေါ်တူဂီတွေနဲ့ ပြည့်နှက်နေပြီး ဒါက အရမ်းကို လှပါတယ်။ ဂျာမနီမှာ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင် ကစားခဲ့တာကိုတောင် သတိသွားရမိပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားနဲ့ ပတ်သက်လို့ ကျွန်တော့်မှာ အမှတ်တရကောင်းတွေ ရှိပါတယ်။ တချို့ အရာတွေ ပြောင်းလဲသွားတယ်လို့ ခံစားရပေမဲ့ ခံစားမှုက အရမ်းကောင်းပါတယ်”ဟု ပြောကြားခဲ့သည်။ ယူရို ၂၀၂၄ ပြိုင်ပွဲတွင် ပေါ်တူဂီအသင်း ၏ရည်မှန်းချက်နှင့်ပတ်သက်ပြီးလည်း စီရော်နယ်လ်ဒိုက “ဆီမီးဖိုင်နယ်။ ကျွန်တော်တို့အနေနဲ့ ဆီမီးဖိုင်နယ်ထက် ပိုပြီးသွားနိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တစ်ပွဲချင်း၊ အဆင့်တစ်ဆင့်စီ ယှဉ်ပြိုင် ကစားသွားရမှာပါ။ ကျွန်တော်တို့အနေနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တိုင်းကို တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးကြိုးစားစား ကစားနိုင်ဖို့ လိုပါတယ်။ ယူရိုပြိုင်ပွဲက ကာလတိုပြိုင်ပွဲတစ်ခုဖြစ်ပြီး အဲဒီအတွက် ကျွန်တော်တို့အသင်း ပြင်ဆင်ပြီးသားပါ”ဟု ပြောကြားခဲ့သည်။

Ballon d’Or ဆု ငါးကြိမ် ရရှိထားသည့် စီရော်နယ်လ်ဒိုသည် ၂၀၂၂ ဒီဇင်ဘာတွင် မန်ယူအသင်းနှင့် လမ်းခွဲပြီးနောက် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းတွင် ကစားနေသူဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် ၂၀၂၃- ၂၄ ရာသီက အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၅၁ ပွဲတွင် ဂိုး ၅၀ အထိ သွင်းယူနိုင်ခဲ့သည်။ ထို့ကြောင့် စီရော်နယ်လ်ဒိုက မိမိအနေဖြင့် ယူရို ၂၀၂၄ ပြိုင်ပွဲအတွက် အသင့် ဖြစ်နေပြီဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 

“ဒီ(ယူရို ၂၀၂၄) ပြိုင်ပွဲအတွက် ပြင်ဆင်ထားပြီးသားလို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့ အုပ်စုအဖွင့်ပွဲကစားဖို့ နည်းနည်း လိုသေးပါတယ်။ ဘောလုံးကစားရတာကို ကျွန်တော် နှစ်သက်ပါတယ်။ စံချိန်တွေနဲ့ ဂိုးတွေနောက်ကို ကျွန် တော် လိုက်နေတာ မဟုတ်ပါဘူး။ သူတို့က အလိုလို ရောက်လာတာပါ။ ဒီပြိုင်ပွဲက ကျွန်တော့်အတွက် ခြောက်ကြိမ်မြောက် ယူရိုပြိုင်ပွဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲက ကျွန်တော့်အတွက် အကောင်းဆုံးပျော်ရွှင်ခံစားရမယ့် ပြိုင်ပွဲဖြစ်ပြီး အသင်းအနိုင်ရဖို့အတွက် ကျွန်တော် အစွမ်းကုန်ကြိုးစားသွားမှာပါ”ဟု စီရော်နယ်လ်ဒိုက ပြောကြားခဲ့သည်။ 

စီရော်နယ်လ်ဒို ဦးဆောင်သည့် ပေါ်တူဂီအသင်းသည် ယူရို ၂၀၂၄ အုပ်စု (F) တွင် တူရကီ၊ ဂျော်ဂျီယာ၊ ချက်အသင်းတို့နှင့်အတူ ကျရောက်နေသည်။ ပေါ်တူဂီအသင်းသည် အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၈ ရက်တွင် ချက်အသင်းနှင့် ကစားရမည်ဖြစ်သည်။ ဂျာ မနီနိုင်ငံတွင် ကျင်းပလျက်ရှိသည့် ယူရို ၂၀၂၄ ပြိုင်ပွဲတွင် နာမည်ကျော် အင်္ဂလန်အသင်းက ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေသည်။ ၎င်းနောက် ပြင်သစ်နှင့်  အိမ်ရှင်ဂျာမနီတို့က အစဉ်လိုက်ရပ်တည်နေပြီး ပေါ်တူဂီအသင်းမှာမူ ဗိုလ်စွဲရန်ရေပန်းစားမှု၌ စတုတ္ထ နေရာသို့ ရောက်ရှိနေသည်။ 

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular