ဘာစီလိုနာအသင်းနည်းပြ ရော်နယ်လ်ကိုးမန်းက စတုဂတ်အသင်းအား (၃-၀)ဂိုးဖြင့်အနိုင်ရခဲ့သည့်ခြေစမ်းပွဲမှ အသင်း၏စွမ်းဆောင်ရည်အတွက် ကျေနပ်ပျော်ရွှင်လျက်ရှိနေပြီး မိမိတို့အသင်းတွင် အရည်အသွေးအမြင့်ဆုံးတိုက်စစ်ပိုင်းရှိနေပြီဟု ကြုံးဝါးပြောဆိုခဲ့သည်။
စတုဂတ်အသင်းအား အနိုင်ရသည့် ခြေစမ်းပွဲစဉ်တွင် ဘာစီလိုနာအသင်း၏တိုက်စစ်ကစားသမားသစ်ဖြစ်သော ဒီပိုင်းမှာ (၂)ပွဲဆက်ဂိုးသွင်းယူနိုင်ခဲ့သည်။
ထို့ပြင် အသင်းဖော်တိုက်စစ်ကစားသမား ဂရီးဇ်မန်းနှင့်လည်း တွဲဖက်ညီစွာကစားနိုင်ခဲ့သည့်အတွက် ကိုးမန်းက ယခုကဲ့သို့ ကြုံးဝါးခဲ့ခြင်းဖြစ်သည်။
ကိုးမန်းက ” ဒီပိုင်း ဘယ်လိုကစားသမားလဲဆိုတာ လူတိုင်းသိပါတယ်။ သူဟာ ဂရီးဇ်မန်းနဲ့ အကောင်းဆုံးတွဲဖက်ကစားနိုင်ခဲ့ပြီး အသင်းအတွက် အခြားအရာများကိုလည်း ပေးစွမ်းနိုင်သူပါ။ ကျွန်တော့်အသင်းမှာရှိတဲ့ ကစားသမားတွေဟာ တိုက်စစ်ပိုင်းရဲ့ မတူညီတဲ့နေရာမျိုးစုံမှာ ကစားနိုင်သူတွေပါ။ ကျွန်တော်တို့မှာ အဂွဲရိုးလည်းရှိနေသလို၊ မက်ဆီလည်း အသင်းထံပြန်လာမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ အရည်အသွေးအမြင့်ဆုံးတိုက်စစ်ပိုင်းကို ပိုင်ဆိုင်ထားပါပြီ”ဟု စတုဂတ်အသင်းအား အနိုင်ရသည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ယင်းပွဲတွင် ဘာစီလိုနာအသင်းအတွက် အခြားဂိုး(၂)ဂိုးကို ဒယ်မီယာနှင့် ရီကီပွတ်တို့က သွင်းယူပေးခဲ့ကြသည်။
ဘာစီလိုနာအသင်းသည် ရာသီကြိုခြေစမ်းပွဲ(၃)ပွဲကစားကာ (၃)ပွဲစလုံး အနိုင်ရခဲ့ပြီး ယခုပွဲမတိုင်မီ ဟင်နက်စတစ်၊ ဟီရိုနာအသင်းများကို အနိုင်ယူထားခဲ့သည်။