ချယ်လ်ဆီးအသင်း၏ တိုက်စစ်မှူးနှစ်ဦးဖြစ်သည့် လူကာကူနှင့် တီမိုဗာနာတို့သည် မာလ်မိုအသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး အသင်းနည်းပြ တူဟယ်လ်က ဒေါ့မွန်တိုက်စစ်မှူး ဟော်လန်းကို ခေါ်ယူရန် အရိပ်အမြွက်ဆိုခဲ့ကြောင်းသိရသည်။
လူကာကူနှင့် ဗာနာတို့သည် ယင်းပွဲစဉ်တွင် ပထမပိုင်းပွဲကစားချိန်၌ ဒဏ်ရာများ အသီးသီးရရှိခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာအခြေအနေအသေးစိတ်ကိုမူ မသိရှိရသေးချေ။
ယင်းအတွက်ကြောင့် ယင်းကစားသမားများ၏ ဒဏ်ရာအခြေအနေအပေါ် မူတည်ကာ ဟော်လန်းနှင့်ပတ်သက်ပြီး မီဒီယာများက မေးမြန်းခဲ့ရာ တူဟယ်လ်က ”ကျွန်တော်တို့က ဟော်လန်းအကြောင်းကို မကြာခဏပြောဖြစ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက အရမ်းကောင်းတဲ့ကစားသမားတစ်ဦးဖြစ်လို့ပါ။ ချန်ပီယံလိဂ်မှာ ကျွန်တော်တို့ရဲ့ အဓိကပြိုင်ဘက်တွေထဲကတစ်သင်းဖြစ်တဲ့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူးဖြစ်ပြီး သူ့ရဲ့ဂိုးတွေနဲ့ ဒေါ့မွန်ကို ကူညီပေးနေပါတယ်”ဟု ပြောကြားခဲ့သည်။
ချယ်လ်ဆီးတိုက်စစ်တွင် လူကာကူနှင့် ဟော်လန်းတို့ တွဲကစားရန် အဆင်ပြေနိုင်မလားဆိုသည့် မေးခွန်းကို တူဟယ်လ်က သေချာပေါက်အဆင်ပြေနိုင်သည်ဟု ပြောကြားခဲ့ပြီး ဟော်လန်းကို ခေါ်ယူခြင်းပြု၊ မပြုနှင့် ပတ်သက်ပြီးလည်း ”လာမယ့်ရက်သတ္တပတ်တွေမှာ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့”ဟု ပြောကြားခဲ့သည်။