ပရီးမီးယားလိဂ်နောက်ဆုံး (၂)ပွဲဆက်နိုင်ပွဲပျောက်ထားတာကြောင့် ဖိအားဝင်နေတဲ့မန်စီးတီးအသင်းအတွက်တော့ အိမ်ကွင်းဂိုးပြတ်နိုင်ပွဲနဲ့အတူ ကျေနပ်စရာကောင်းခဲ့ပါတယ်။
အသင်း (၂)သင်းအကြား ကွာဟချက်ကြီးမားခဲ့တာ၊ ဘန်လေအသင်းရဲ့ခံစစ်ကစားပုံညံ့ဖျင်းခဲ့တာတွေကြောင့် မန်စီးတီးအသင်း သက်သောင့်သက်သာပဲကစားပြီး ဂိုးပြတ်နိုင်ပွဲကိုရယူခဲ့တာပါ။
ဒီရာသီမှာနိုင်ပွဲ (၁)ပွဲသာရထားသေးတဲ့ဘန်လေအသင်းဟာ အီတီဟတ်ဒ်မှာ သရေတစ်မှတ်ရဖို့အတွက် ခံစစ်ကိုအကောင်းဆုံးပြင်ဆင်လာခဲ့ပေမယ့် ဂျေးဇူး၊ ဖယ်ရန်တောရက်စ်၊ မာရက်ဇ်၊ ဒီဘရိုင်းနားတို့ရဲ့ တိုက်စစ်တွဲလုံးတွေကို ဘယ်လိုမှမထိန်းချုပ်နိုင်ခဲ့ပါဘူး။
ဒါကြောင့်လည်းပွဲစကတည်းက ပြိုင်ဘက်ကိုစိုးမိုးကစားနိုင်ခဲ့တဲ့မန်စီးတီးအသင်းကပဲ ပွဲကိုစိတ်ကြိုက်ထိန်းကျောင်းကစားသွားခဲ့ပြီး တိုက်စစ်ပိုင်းအဆုံးသတ်မှုအားနည်းတာနဲ့ ဂိုးကံခေနေတာကြောင့်ရယ်သာ မန်စီးတီးအသင်း ဒီထက်ဂိုးမပြတ်ခဲ့တာပါ။
ဘန်လေအသင်းဟာ ခံစစ်ပိုင်းစွမ်းဆောင်ရည်ညံ့ဖျင်းခဲ့သလို တိုက်စစ်နဲ့ ကွင်းလယ်ချိတ်ဆက်မှုကလည်း မန်စီးတီးရဲ့ ကွင်းလယ်စိုးမိုးမှုအောက်မှာတင် ရပ်တန့်ခဲ့ရပါတယ်။
မန်စီးတီးအတွက်ဂိုးတွေကို ပထမပိုင်းပွဲချိန် (၆)မိနစ်နဲ့ (၂၂)မိနစ်တွေမှာ မာရက်ဇ်၊ (၄၁)မိနစ်မှာ မန်ဒီတို့ကသွင်းယူပေးခဲ့ပြီး စောစောစီးစီးပဲ ပွဲကိုပြတ်သားစေခဲ့တာပါ။
ဒုတိယပိုင်းမှာ ဘန်လေကစားပုံပိုဆိုးရွားလာလို့ မန်စီးတီးအသင်းပိုဖိအားပေးလာနိုင်ခဲ့ပြီး (၆၆)မိနစ်မှာ ဖယ်ရန်တောရက်စ်နဲ့ (၆၉)မိနစ်မှာ မာရက်ဇ်က သူ့ရဲ့ဟက်ထရစ်သွင်းဂိုးအဖြစ်သွင်းယူခဲ့လို့ မန်စီးတီးအသင်းနောက်ထပ်ဂိုးတွေရခဲ့တာပါ။
လက်ကျန်မိနစ်မှာတော့ မန်စီးတီးအသင်းအခွင့်အရေးတွေလွဲချော်ခဲ့သလို ပွဲကိုထိန်းကစားသွားခဲ့တာကြောင့် (၅-ဝ)ဂိုးရလဒ်နဲ့ပဲပွဲပြီးဆုံးခဲ့ပါတယ်။