မန်ယူအသင်းက ၀ါရင့်ကွင်းလယ်လူ မာတာကို တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုပြီးနောက် အသင်းဖော် ဘရူနိုဖာနန်ဒက်စ်က မာတာ၏ကျောနံပါတ်(၈)ကို ရယူရန် တစ်နှစ်စောင့်ဆိုင်းရတော့မည်ဟု Twitter တွင်ရေးသားကာ အရွှန်းဖောက်ခဲ့သည်။
ထို့ပြင် ဘရူနိုဖာနန်ဒက်စ်က မာတာကို စာချုပ်သက်တမ်းတိုးမှုအတွက် ဂုဏ်ယူဝမ်းမြောက်မိကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။
မာတာသည် ဇွန်လ(၃၀)ရက်တွင် မန်ယူအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီး အစောပိုင်းက စီးရီးအေသို့ ပြောင်းရွှေ့ဖွယ်ရှိသည်ဟု သတင်းထွက်ခဲ့သော်လည်း ဇူလိုင်လ(၂)ရက်တွင် အသင်းနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။
၂၀၁၄ ဇန်နဝါရီတွင် ချယ်လ်ဆီးအသင်းမှ ပြောင်းရွှေ့လာခဲ့သည့် အသက်(၃၃)နှစ်အရွယ်ရှိ မာတာသည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ (၂၇၃)ပွဲကစားပေးထားကာ (၅၁)ဂိုးအထိ သွင်းယူပေးခဲ့သည်။
သို့သော် ပြီးခဲ့သည့်ရာသီတွင် မာတာ၏ပွဲကစားခွင့်ရသည့်အရေအတွက် သိသိသာသာလျော့နည်းခဲ့ပြီး ပြိုင်ပွဲစုံ(၁၈)ပွဲသာ ကစားခွင့်ရခဲ့သည်။