ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးမန်ယူအသင်းက ရိုးမားကို ဂိုးဒါဇင်ဝက်သွင်းပြီး ဗိုလ်လုပွဲတစ်နေရာ သေချာသလောက်ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပေမဲ့ အာဆင်နယ်အသင်းကတော့ စပိန်မြေမှာ ရှုံးပွဲတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ အာဆင်နယ်အသင်း အဝေးဂိုးတစ်ဂိုးရရှိခဲ့တာကြောင့် မျှော်လင့်ချက်ရှိနေဆဲလို့ ဆိုရမှာဖြစ်ပြီး All English Final ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမှာပါ . . .
ဗိုလ်လုပွဲသို့
မန်ယူ ၆-၂ ရိုးမား
မန်ယူအသင်းက အိုးလ်ထရက်ဖို့ဒ်မှာ ဂိုးပြတ်သွင်းပြီး ဗိုလ်လုပွဲတက်ဖို့ သေချာသလောက်ဖြစ်သွားခဲ့ပါတယ်။ ရိုးမားအသင်းက ပထမပိုင်းမှာ (၂-၁)ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ ခံစစ်ပိုင်းက ဖရိုဖရဲဖြစ်သွားခဲ့ပြီး မန်ယူအသင်းရဲ့ တိုက်စစ်ကို မထိန်းနိုင်တာကြောင့် ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဂျက်ကို၊ ပယ်လီဂရီနီ၊ မစ်ခီတာရီယန်တို့နဲ့ ရိုးမားအသင်းရဲ့ တိုက်စစ်ကလည်း နောက်ပိုင်းမှာ ကစားအားကျသွားခဲ့ပါတယ်။
မန်ယူအသင်းရဲ့ နိုင်ပွဲမှာ အရေးအပါဆုံးဖြစ်ခဲ့တာကတော့ ဝါရင့်တိုက်စစ်မှူး ကာဗာနီနဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်တို့ဖြစ်ပြီး (၂)ဂိုးစီသွင်းကာ ဂိုးဖန်တီးမှု(၂)ကြိမ်စီ ပြုလုပ်ခဲ့ကြပါတယ်။ မန်ယူအသင်းအတွက် ဘရူနိုဖာနန်ဒက်စ်က (၉)မိနစ်မှာပဲ ဦးဆောင်ဂိုးသွင်းယူခဲ့ပေမဲ့ (၁၅)မိနစ်မှာ ပယ်လီဂရီနီက ပယ်နယ်တီကနေ ချေပဂိုး၊ (၃၃)မိနစ်မှာ ဂျက်ကိုက ဒုတိယဂိုး သွင်းယူခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ မန်ယူအသင်းက ရိုးမားအသင်းကို အခွင့်အရေး မပေးရသလောက်ဖြစ်အောင် ဖိအားပေးကစားသွားနိုင်ခဲ့ပြီး ကာဗာနီက (၄၈၊ ၆၄)၊ ဘရူနိုဖာနန်ဒက်စ်က (၇၁)မိနစ်မှာ ပယ်နယ်တီ၊ ပေါ့ဘာက (၇၅)နဲ့ ဂရင်းဝုဒ်က (၈၆)မိနစ်မှာ ဂိုးတွေသွင်းယူကာ ရေပန်းအစားဆုံးဂုဏ်ပုဒ်နဲ့ ထိုက်တန်ကြောင်း ပြသခဲ့ပါတယ်။
မျှော်လင့်ချက်ကိုယ်စီနဲ့
ဗီလာရီးယဲလ် ၂-၁ အာဆင်နယ်
ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး နှစ်သင်းစလုံး တစ်ယောက်စီ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတယ်။ အာဆင်နယ်က (၅၇)မိနစ်မှာ စီဘယ်ယော့စ်၊ ဗီလာရီးယဲလ်က မိနစ် (၈၀)မှာ ကာပိုးတို့ ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး ကာပိုးကတော့ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တယ်။ အာတီတာက ဒီပွဲမှာ စမစ်ရိုး၊ ဆာကာ၊ အော်ဒီဂွါစတဲ့ လူငယ်တွေကိုပဲ အဓိကအသုံးပြုခဲ့တယ်။ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ဘူး။
ဗဟိုခံစစ်မှာကစားတဲ့ ဟိုးလ်ဒင်းနဲ့ ပါဘလိုမာရီက လျင်မြန်တဲ့ ဗီလာရီးယဲလ်တိုက်စစ်ကို ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတယ်။ ဗီလာရီးယဲလ်ကတော့ ဂိုးပေါက်တည့်ပထမဆုံးကန်ချက်မှာပဲ အဖွင့်ဂိုးကို စတင်ရရှိခဲ့ပြီး အာဆင်နယ်ကို ရှိန်မနေဘဲ အကောင်းဆုံးပုံစံနဲ့ ကစားသွားနိုင်ခဲ့တယ်။ ဗီလာရီးယဲလ်အတွက် ဂိုးတွေကို (၅၊ ၂၉)မိနစ်တွေမှာ သရီဂယ်ရော့စ်နဲ့ အယ်လ်ဘီယိုတို့က သွင်းခဲ့ကြပြီး အာဆင်နယ်အတွက် ချေပဂိုးတစ်ဂိုးကိုတော့ ဆာကာကြောင့်ရရှိတဲ့ ပယ်နယ်တီကနေ (၇၃)မိနစ်မှာ ပေပေက သွင်းယူခဲ့ပါတယ်။
ပွဲချိန်နောက်ဆုံးမိနစ်မှာတော့ အာဆင်နယ်အသင်းရဲ့ လူစားဝင်တိုက်စစ်ကစားသမား အူဘာမီယန်း အပိုင်အခွင့်အရေးတစ်ကြိမ်ရခဲ့သေးပေမဲ့ ဂိုးအဖြစ်တော့ မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အာဆင်နယ်အသင်းက အဝေးဂိုးတစ်ဂိုးရရှိခဲ့တာကြောင့် နှစ်သင်းစလုံး မျှော်လင့်ချက်ကိုယ်စီရှိဆဲပဲလို့ ဆိုရပါမယ်။