လာမည့်နွေရာသီတွင် မန်ယူ အသင်း၏နည်းပြသစ်ဖြစ်လာမည့် အဲရစ်တန်ဟက်ဂ်သည် အေဂျက်စ်အသင်းနှင့်အတူ ဒတ်ချ်လိဂ်ချန်ပီယံဆုကို တတိယအကြိမ် ရရှိခဲ့ကြောင်း သိရသည်။
ဒတ်ချ်လိဂ် ပွဲစဉ် ၃၃ ကို ဗုဒ္ဓဟူးနေ့ညပိုင်းက ယှဉ်ပြိုင်ကစားရာ အေဂျက်စ်အသင်းက ဟီရန်ဗင်းအသင်းအား အိမ်ကွင်း၌ (၅-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။
၂၀၂၁-၂၀၂၂ ရာသီ ဒတ်ချ်လိဂ်ပြိုင်ပွဲမှာ ရာသီပြီးဆုံးရန် တစ်ပွဲသာကျန်ရှိတော့ပြီး အေဂျက်စ်အသင်းက ၃၃ ပွဲကစား၊ ၂၆ ပွဲနိုင်၊ လေးပွဲသရေ၊ သုံးပွဲရှုံးဖြင့် ၈၂ မှတ်ရရှိထားပြီး ဒုတိယနေရာမှ PSV အသင်းအား လေးမှတ်အသာရထား ပြီဖြစ်သောကြောင့် ချန်ပီယံဆု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
အေဂျက်စ်အသင်းသည် ဒတ်ချ်လိဂ်ချန်ပီယံဆုကို ၂၀၂၁၊ ၂၀၂၂ နှစ်နှစ်ဆက်တိုက်ရရှိခြင်းဖြစ်ပြီး စုစုပေါင်း ၃၆ ကြိမ်ဖြင့် ပြိုင်ပွဲသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက်ရပ် တည်နိုင်ခဲ့သည်။
ယခုရာသီကုန်တွင် အေဂျက်စ်အသင်းနှင့်လမ်းခွဲ၍ မန်ယူအသင်း ကို ပြောင်းလဲကိုင်တွယ်တော့မည့် နည်းပြ တန်ဟက်ဂ်မှာလည်း ငါးနှစ် အတွင်း အေဂျက်စ်နှင့် ဒတ်ချ်လိဂ်ချန်ပီယံသုံးကြိမ် (၂၀၁၉၊ ၂၀၂၁၊ ၂၀၂၂)၊ ဒတ်ချ်ဖလား နှစ်ကြိမ် (၂၀၁၉၊ ၂၀၂၁)၊ ယို ဟန်ခရိုက်ဖ်ဒိုင်း တစ်ကြိမ် (၂၀၁၉) ဆွတ်ခူးရယူနိုင်ခဲ့သည်။
အေဂျက်စ်အသင်းသည် ၎င်းလက်ထက် ပြိုင်ပွဲစုံ ၂၁၄ ပွဲကစားအပြီးတွင် ၁၅၈ ပွဲနိုင်၊ ၂၇ ပွဲသရေ၊ ၂၉ ပွဲရှုံးနိမ့်ထားပြီး ပျမ်းမျှနိုင်ပွဲရ ရှိမှု ၇၃ .၈% ရှိကြောင်း သိရသည်။