စပါးအသင်း တိုက်စစ်မှူးကိန်းသည် မန်ယူသို့ ပြောင်းရွှေ့ရန်ကိုသာစိတ်ဝင်စားနေပြီး လာမည့်နွေရာသီတွင် မပြောင်းရွှေ့နိုင်ပါက ၎င်းနှင့် စပါးစာချုပ်သက်တမ်းကုန်သည်အထိ တစ်နှစ်စောင့်ပြီး ၂၀၂၄ နွေရာသီအပြောင်းအရွှေ့တွင် အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းပြောင်းရန် ရှိနေကြောင်း သတင်းများက ဖော်ပြသည်။
လက်ရှိဘောလုံးရာသီတွင် ရုန်းကန်ခဲ့ရသော စပါးအသင်းသည် ရာသီအကုန်တွင် ပရီးမီးယားလိဂ်တန်းစီဇယား၌ အဆင့် ၈ နေရာတွင်သာ ရပ်တည်နိုင်သောကြောင့် လာမည့်နှစ် ဘောလုံးရာသီတွင် ဥရောပပြိုင်ပွဲများတွင် ပါဝင်ခွင့်မရဖြစ်ခဲ့ရပြီး ကိန်းသည် လန်ဒန်အသင်းကို စွန့်ခွာမည်ဆိုသောသတင်းများသည်လည်း ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာသည်။
မန်ယူအသင်းမန်နေဂျာတန်းဟက်ကလည်း အသင်း၏ တိုက်စစ်မြှားဦးနေရာကို ဦးစားပေး၍ အားဖြည့်ရန် စီစဉ်ထားပြီး ကိန်းသည် တန်းဟက်၏ နံပါတ်တစ် ပစ်မှတ်ဖြစ်သည်။ ကိန်းသည် ၎င်း၏ကစားသမားဘဝတွင် ဆုဖလားများရယူလိုသလို ချန်ပီယံလိဂ်တွင်လည်း ကစားလိုခြင်းကြောင့် အိုးထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လိုခြင်းဖြစ်ကြောင်း ဆန်းသတင်းစာက ဖော်ပြသည်။
အသက် ၂၉ နှစ်အရွယ်ရှိကိန်းကို မန်ယူအပြင် ဘိုင်ယန်မြူးနစ် ရီးရဲမက်ဒရစ်နှင့် ပီအက်စ်ဂျီတို့ကလည်း စိတ်ဝင်စားနေသည်။
