တော့တင်ဟမ် ဟော့စပါး ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေက ခမ်းခြောက်သလောက် ဖြစ်နေပါပြီ ။
ရာသီကုန်ဖို့ ၃ ပွဲသာ လိုတော့ချိန်မှာ ရိုင်ယန် မေဆင် ယာယီ ကိုင်တွယ်နေတဲ့ စပါး ဟာ အဆင့် ၆ မှာ ၅၇ မှတ် နဲ့ ရပ်တည်နေပြီး အဆင့် ၄ ကို ရယူနိုင်ဖို့ အလားအလာ အလွန်နည်းပါး နေပါတယ် ။
စပါး အနေနဲ့ အဆင့် ၆ နဲ့သာ ရာသီပိတ်သိမ်း ခဲ့ပါက လာမယ့် ရာသီမှာ ယူရိုပါ ကွန်းဖရင့်စ်လိဂ် ကို ဝင်ရောက် ကစားရမှာပါ ။
ဒါပေမယ့် သူတို့ ယူရိုပါလိဂ် ကို အဆင့် ၆ ကနေ ဝင်ရောက်နိုင်တဲ့ အခွင့်အလမ်း ရှိနေပါသေးတယ် ။
အဲ့ဒါကတော့ FA Cup ဗိုလ်လုပွဲ ပါပဲ ။ FA Cup ချန်ပီယံတွေဟာ ယူရိုပါလိဂ် ဝင်ခွင့် တနေရာကို ရရှိပါတယ် ။
အကယ်၍ ချန်ပီယံ အသင်းဟာ အဆင့် ၁ ကနေ ၅ အတွင်း ဝင်ခဲ့မယ်ဆိုရင်တော့ အဆိုပါ အသင်းရဲ့ ယူရိုပါလိဂ် အုပ်စုအဆင့် ဝင်ခွင့်ဟာ အမှတ်ပေး ဇယားက အမြင့်ဆုံးအဆင့်အသင်း ( အဆင့် ၆ ) ဆီ ရောက်ရှိသွားမှာပါ ။
ဒီနှစ် FA Cup ဖိုင်နယ် ကို မန်ချက်စတာ ၂ သင်း တက်လာခဲ့ပြီး ဇွန်လ ထဲမှာ ဗိုလ်လုကြမှာပါ ။ မန်စီးတီး က ချန်ပီယံလိဂ် ဝင်ခွင့် ရပြီးသား ဖြစ်ပေမယ့် မန်ယူနိုက်တက် ကတော့ လက်ကျန် ပွဲတွေမှာ အဆုံးအဖြတ် ခံယူဖို့ လိုအပ်နေပါသေးတယ် ။
အကယ်၍ မန်ချက်စတာ ၂ သင်းစလုံး ချန်ပီယံလိဂ် ဝင်ခွင့် သေချာသွားခဲ့ရင်တော့ စပါး ဟာ အဆင့် ၆ နဲ့တင် ယူရိုပါလိဂ် အုပ်စုအဆင့်ကို ဝင်ခွင့် ရရှိမှာပါ ။
တကယ်လို့ မန်ယူနိုက်တက် က ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ လွဲခဲ့ရင်တော့ စပါး တို့ FA Cup မှာ မန်စီးတီး ဗိုလ်စွဲဖို့ ဆုတောင်းရမှာပါ ။ ဘာလို့လည်း ဆိုတော့ ယူနိုက်တက်သာ ( ချန်ပီယံလိဂ်ဝင်ခွင့် မရဘဲ ) FA Cup မှာ ဗိုလ်စွဲသွားခဲ့မယ် ဆိုရင် စပါး တို့ ယူရိုပါ ကွန်ဖရင့်စ်လိဂ် ကိုပဲ သွားကစားရမှာ ဖြစ်တာကြောင့်ပါပဲ ။