ရီးရဲမက်ဒရစ် ကွင်းလယ်ကစားသမားသစ် ဂျုဒ် ဘယ်လင်ဂမ် က မနေ့တုန်းက သူ သွင်းယူခဲ့တဲ့ ဂိုးဟာ လူကျွံ အနေအထားမှာ ရှိနေ နိုင်တယ်လို့ ဖွင့်ဟပြောဆို လာခဲ့ပါတယ် ။
ရီးရဲမက်ဒရစ် ဟာ အမေရိက ရာသီကြို ခြေစမ်းပွဲ ခရီးစဉ် ရဲ့ ပွဲစဉ် တပွဲအဖြစ် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ယှဉ်ပြိုင် ကစားပြီး ၂-၀ နဲ့ အနိုင် ရရှိခဲ့ ပါတယ် ။
ဘယ်လင်ဂမ် ဟာ အခု နွေရာသီကမှ ရီးရဲမက်ဒရစ် အသင်းဆီကို ဒေါ့မွန် ကနေ ပြောင်းရွှေ့ ရောက်ရှိ လာခဲ့သူ ဖြစ်ပြီး မန်ယူနိုက်တက် ဘက်ကို သွင်းယူခဲ့တဲ့ ဂိုးဟာ သူ့အတွက် အဖြူရောင် မက်ဒရစ် အသင်းသားဘ၀ ပထမဆုံးဂိုး ဖြစ်လာစေခဲ့ ပါတယ် ။
အဆိုပါ ဂိုးကို ဘယ်လင်ဂမ် ဟာ ယူနိုက်တက် ခံစစ်ကြောင်းကို ဖောက်ထွက်ကာ ရှေ့တက် လာတဲ့ ဂိုးသမား အိုနာနာ အပေါ်ကနေ ကျော်ကာ သွင်းယူခဲ့တာ ဖြစ်ပြီး လူကျွံအနေအထား ရှိနေခဲ့ပါတယ် ။ ခြေစမ်းပွဲတွေ ဖြစ်တာကြောင့် VAR အသုံးပြုမှု မရှိခဲ့ဘဲ ပြန်လည် စစ်ဆေးမှု မရှိခဲ့သလို ယူနိုက်တက် ကစားသမားတွေကလည်း စောဒကမတက်ခဲ့ပါဘူး ။

“အခုထိ ဒီဂိုးကို ပြန်မကြည့်ရ သေးပါဘူး ။ ပြေးထွက်သွားတာ နည်းနည်းတော့ စောသွားတယ်လို့ ထင်မိပါတယ် ။ ဘာပဲ ဖြစ်ဖြစ် ဒိုင်လူကြီး ဆီက ဝီစီသံ မကြားဘဲ ကျွန်တော် မရပ်ပစ် နိုင်ပါဘူး ။ ကျွန်တော့ မျက်စိထောင့် ထဲမှာ စည်းကြပ်ကို မြင်နေရပါတယ် ။ သူ့အလံက အပေါ်တက်မလာပါဘူး ။ ဒါကြောင့် ကျွန်တော် ဂိုးသွင်းပြီးတော့ အောင်ပွဲ ခံခဲ့တာပါ” လို့ ဘယ်လင်ဂမ် က သူ့ရဲ့ သွင်းဂိုးနဲ့ ပတ်သက်ပြီး ထုတ်ဖော် ပြောဆိုလာခဲ့ ပါတယ် ။

“တကယ်လို့ ဒီဂိုးက ကျွံတယ်ဆိုရင်လည်း ကျွံတယ်ပဲ ထားလိုက်ပါတော့ ။ ဒါပေမယ့် ဒါကလည်း သွင်းဂိုးပါပဲ ။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ပျော်ခဲ့ပါတယ် ။ ဒီအသင်းနဲ့ ကစားရတာကိုလည်း အရမ်း ကျေနပ်မိပါတယ် ။ ရီးရဲမက်ဒရစ် မှာက တကယ့် ဒိတ်ဒိတ်ကြဲတွေ အများကြီးနဲ့ပါ ။ ဒီရာသီမှာ စိန်ခေါ်မှုတွေ အများကြီး ရောက်လာပြီး ဒါတွေကို ရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့လည်း ဘယ်လင်ဂမ် က ထပ်မံ ပြောဆို သွားခဲ့ ပါတယ် ။