ယာဂန်ကလော့က လီဗာပူးဟာ လာမည့် ရာသီ ချန်ပီယံလိဂ်၀င်ခွင့် ရဖို့အတွက် ကြိုးပမ်းတဲ့နေရာမှာ အနည်းငယ် နောက်ကျနေပြီလို့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ နောက်ဆုံး ပရီးမီးယားလိဂ် ငါးပွဲဆက် အနိုင်ရရှိခဲ့ပြီး ကြာသာပတေးနေ့က မန်ယူနိုက်တက်က ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၄ နေရာက အဲရစ်တန်းဟတ်ရဲ့ အသင်းနဲ့ ၄ မှတ် အကွာကို ရောက်လာခဲ့ပါတယ်။
ဒါပေမယ့် ယူနိုက်တက်ဟာ လီဗာပူးထက် တစ်ပွဲလျော့ ကစားထားပြီး ကလော့ ဘက်ကလည်း တန်းဟတ်ရဲ့ အသင်း ဒါမှမဟုတ် နယူးကာဆယ် တို့ဟာ သူတို့ ကျော်တက်နိုင်လောက်အောင် ရမှတ်တွေ အများကြီး ဆုံးရှုံးလိမ့်မယ်လို့ မထင်ထားပါဘူး။
လီဗာပူးရဲ့ top 4 chance ကို မေးခဲ့ရာမှာ ကလော့က “ဘာမှ အပြောင်းအလဲ မရှိပါဘူး။ အခြား အသင်းတွေဟာ top 4 အတွက် ပိုမိုကောင်းမွန်တဲ့ အနေအထားမှာ ရှိနေကြပြီး သူတို့ နိုင်ပွဲတွေ ရနေသ၍ ကျနော်တို့အတွက် အခွင့်အရေး မရှိပါဘူး။ ကျနော်တို့ နောက်က လိုက်နေတဲ့ အသင်းတွေကိုလည်း အမှတ်ဖြတ်သွားရအုံးမှာပါ။ အကယ်လို့များ ဘရိုက်တန်သာ လက်ကျန်ပွဲတွေ အားလုံး နိုင်ခဲ့မယ်ဆိုရင် သူတို့ဟာ ကျနော်တို့ အထက်ကို ရောက်သွားမှာပါ။
ကျနော်တို့ ၅၉ မှတ် ရထားပါတယ်။ ယူနိုက်တက်က ၆၃ မှတ်ပါ။ ဒါ့ကြောင့် ကျနော်တို့ အများဆုံး ၇၁ မှတ် ရနိုင်ပါတယ်။ ယူနိုက်တက်ဟာ လက်ကျန် ၅ ပွဲမှာ ၈ မှတ် ရဖို့ပဲ လိုအပ်ပါတယ်။ သူတို့ ဒီလို လုပ်နိုင်မယ်လို့ ကျနော် ထင်ပါတယ်။ သူတို့ နိုင်ပွဲ ၃ ပွဲလောက် ရလိုက်တာနဲ့ top 4 အတွက် ပွဲပြီးသွားပါပြီ။ ဒီနှစ်အတွင်း top 4 အသင်းတွေရဲ့ ကစားနေပုံ အရ သူတို့ဟာ ရှုံးပွဲတွေ ကြုံရမယ့်ပုံ သိပ်မရှိပါဘူး။” လို့ ဆိုလိုက်ပါတယ်။
ကလော့က လီဗာပူး အနေနဲ့ ကိုယ့်ကိုကိုယ်သာ အာရုံစိုက်ထားဖို့ လိုအပ်တယ်လို့ ဆိုလိုက်ပြီး ယနေ့ည အန်ဖီးမှာ ဘရန့်ဖို့ဒ်ဟာ ကြီးမားတဲ့ စိန်ခေါ်မှုကို ပေးလိမ့်မယ်လို့ ယူဆထားပါတယ်။
လီဗာပူး မန်နေဂျာက “ကျနော်တို့ အနေနဲ့ ကိုယ့်ဘာသာ အာရုံစိုက်သွားရမယ့် အရာတွေ လုံလောက်စွာ ရှိနေပါတယ်။ ဘရန့်ဖို့ဒ်ဟာ တကယ့်ကို ကစားရ ခက်ခဲတဲ့အသင်းပါ။ ခင်ဗျားတို့ ပွဲကို တစ်ပွဲလုံးနီးပါး ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်နိုင်မှာ ဖြစ်ပေမယ့် set-piece တစ်ကြိမ်နဲ့ သူတို့ဟာ ခင်ဗျားကို အသေသတ်သွားနိုင်ပါတယ်။ သူတို့ရဲ့ တန်ပြန်တိုက်စစ် ကစားဟန် ကလည်း တကယ် ကောင်းပါတယ်။
ကျနော်တို့ရဲ့ အစီအစဉ်ကတော့ တက်နိုင်သမျှ အမြင့်ဆုံးအဆင့်နဲ့ ရာသီသိမ်းနိုင်ဖို့ပါ။ လက်ရှိ အနေအထားအရ အဆင့် ၅ ပေါ့ဗျာ။ ဒါကလည်း ကျနော်တို့ အပိုင်မဖြစ်သေးပါဘူး။ အဆင့် ၆ လည်း ဒီအတိုင်းပါပဲ။ ဗီလာ တော့တင်ဟမ် ဘရိုက်တန် နဲ့ ဘရန့်ဖို့ဒ် တို့ အားလုံးဟာ ဒီနေရာအတွက် တိုက်ပွဲ၀င်နေကြပြီး ကျနော်တို့လည်း ဒီအတိုင်းပါပဲ။”