နိုင်ငံတကာအားကစားစျေးကွက်လေ့လာရေးစင်တာတစ်ခုဖြစ်သည့် CIES က မန်ချက်စတာစီးတီးအသင်းသည် ကမ္ဘာ့ဘောလုံးသမိုင်းတွင် စျေးအကြီးဆုံးအသင်းဖြစ်ကြောင်းနှင့် လက်ရှိ ကစားသမားတန်ဖိုးအမြင့်ဆုံးအသင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။
မန်စီးတီးအသင်းသည် ကိုဗစ်ကပ်ဆိုး ကြုံတွေ့ခဲ့ သည့် ၂၀၁၉-၂၀ ရာသီတွင်ပင် ဘောလုံးသမိုင်း၌ လစာငွေအမြင့်ဆုံးပေးချေရသည့်အသင်းအဖြစ် စံချိန်တင်ခဲ့ပြီး စုစုပေါင်း ကစားသမားလစာငွေ အသုံးစရိတ်မှာ ပေါင် (၃၅၁.၄)သန်းအထိရှိခဲ့သည်။
သို့ရာတွင် ယင်းစံချိန်ကို ယခုရာသီတွင် ထပ်မံချိုးဖျက်ရန် သေချာသလောက်ရှိနေပြီး ကစားသမားများ၏ လစာငွေတိုးမြင့်လာမှုနှင့် ယခုရာသီတွင်ရရှိမည့် ဆုဖလားများကြောင့် ပေးချေရမည့် အပိုဆုကြေးငွေများကြောင့်ဖြစ်ပြီး၊ ပေးချေရမည့်လစာငွေမှာ ပေါင် (၃၇၅)သန်းအထိရှိနိုင်ကြောင်းလည်း သိရှိရသည်။
မန်စီးတီးသည် ဂွါဒီယိုလာ ရောက်မလာမီ နောက်ဆုံးနှစ်က ပေးချေခဲ့ရသည့် တစ်နှစ်လစာအသုံးစရိတ်မှာ ပေါင် (၁၉၇.၆)သန်းသာရှိခဲ့ရာမှ ပြီးခဲ့သည့် ရာသီကမူ ပေါင် (၃၅၁.၄)သန်းအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ၎င်း၏ မန်စီးတီးနည်းပြဘဝတစ်လျှောက် လစာငွေအသုံးစရိတ်မှာ ယခုရာသီကုန်ပါက ပေါင် (၁.၅၄)ဘီလီယံအထိ ရှိလာနိုင်သည်ဟု သိရှိရသည်။
ထို့ပြင် CIES ၏ ဖော်ပြချက်အရ မန်စီးတီးအသင်း ကစားသမားများ၏ ပြောင်း ရွှေ့ကြေးငွေ စုစုပေါင်းမှာလည်း လက်ရှိဘောလုံးလောကတွင် အမြင့်မားဆုံးဖြစ်နေကြောင်း သိရှိရသည်။
မန်စီးတီး အသင်း၏ လက်ရှိကစားသမားများအား ခေါ်ယူခဲ့သည့် စုစုပေါင်း ပြောင်းရွှေ့ကြေးငွေမှာ ပေါင်သန်း (၉၀၀)ကျော် ရှိနေပြီး ကစားသမားရောင်းထုတ်မှုက ပေါင်သန်း (၃၅၀) ဝန်းကျင်ရခဲ့ရာ အသားတင်အသုံးစရိတ်မှာ ပေါင် (၅၇၉)သန်းအထိရှိခဲ့ပြီး ဂွါဒီယိုလာလက်ထက် ကုန်ကျငွေမှာ ပေါင် (၂)ဘီလီယံကျော်လာခဲ့သည်။