လီဗာပူးလ်နောက်ခံလူ ရောဘတ်ဆန်က ပရီးမီးယားလိဂ်အမှတ်ပေးဇယား ရပ်တည်မှုတွင် မန်စီးတီးအသင်းနှင့် အမှတ်ကွာဟမှု ကြီးမားနေဆဲဖြစ်ကြောင်း လက်စတာနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
လီဗာပူးလ်အသင်းသည် ပြီးခဲ့သည့် ကြာသပတေးနေ့က ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လက်စတာအသင်းကို အိမ်ကွင်း၌ ဂျိုတာ၏ သွင်းဂိုး (၂)ဂိုးကြောင့် (၂-၀)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ယင်းနိုင်ပွဲကြောင့် ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့်(၂)နေရာမှ လီဗာပူးလ်အသင်း(၅၁ မှတ်)သည် အဆင့် (၁)နေရာမှာ မန်စီးတီးအသင်း (၆၀ မှတ်)ကို (၉)မှတ်အကွာဖြင့် ဖိအားပေးနိုင်ခဲ့သည်။ လီဗာပူးလ်အသင်းအနေဖြင့် ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသေးရာ ယင်းပွဲကို အနိုင်ရပါက မန်စီးတီးအသင်းနှင့် (၆)မှတ်သာ ကွာဟတော့မည်ဖြစ်သည်။
သို့သော် ရောဘတ်ဆန်က ပရီးမီးယားလိဂ်ချန်ပီယံလုပွဲတွင် ပြိုင်ဘက် မန်စီးတီးအသင်းနှင့် အမှတ်ကွာဟမှု ကြီးမားနေဆဲဖြစ်ကြောင်း ဆိုခဲ့ခြင်းဖြစ်သည်။
ရောဘတ်ဆန်က “ကျွန်တော်တို့ မေးခွန်းတွေကို ဖြေနိုင်တာက ရလဒ်တွေပဲ ရှိပါတယ်။ ဒါပေမဲ့ မန်စီးတီးအသင်းနဲ့ အမှတ်ကွာဟမှုက ကြီးမားနေဆဲပါပဲ။ ကျွန်တော်တို့အနေနဲ့ မန်စီးတီးအသင်းကို ဖိအားဆက်ပေးနိုင်ဖို့ ကြိုးစားရမှာပါ။ ကျွန်တော်တို့အနေနဲ့ တခြားအသင်းတွေကို မကြည့်ဘဲ ကိုယ့်အသင်း အကောင်းဆုံးဖြစ်အောင် အာရုံစိုက်ထားရမှာပါ”ဟု ပြောကြားခဲ့သည်။
ထို့ပြင် ရောဘတ်ဆန်က လီဗာပူးလ်အသင်းအနေဖြင့် ယခုရာသီတွင် ဖလား(၄)လုံးကြောင်း၌ ရှိနေသည့်အတွက် အလွန်စိတ်လှုပ်ရှားမိကြောင်းလည်း ပြောကြားခဲ့သည်။