ဂွာဒီယိုလာအနေဖြင့် မန်စီးတီးခံစစ်အတွင်းလူနေရာတွင် တည်ငြိမ်သည့် လူထုတ်မှုပြုလုပ်ရန်လိုအပ်နေပြီး အကောင်းဆုံးခံစစ်အတွင်းလူအတွဲကို ရှာဖွေတွေ့ရှိရန် လိုအပ်နေကြောင်း သို့မှသာ မန်စီးတီးအနေဖြင့် လက်ရှိဘောလုံးရာသီတွင် ဆုဖလား ဆွတ်ခူးနိုင်ရန် လမ်းပွင့်သွားမည်ဖြစ်ကြောင်း ဖာဒီနန်က တိုက်တွန်းပြောဆိုလိုက်သည်။
ဂွာဒီယိုလာသည် ၂၀၂၂-၂၃ ဘောလုံးရာသီတွင် ခံစစ်အတွင်းလူနေရာကို စိတ်တိုင်းကျမဖြစ်ပဲ လာပေါ်တေ၊ အာကီ၊ အာကန်ဂျီနှင့် ရူဘင်ဒီယာ့စ်တို့ကို လှည့်လည်သုံးစွဲနေပြီး အကောင်းဆုံး ခံစစ်အတွဲတစ်တွဲကို မထူထောင်နိုင်ဖြစ်နေသည်။
တစ်ခါတစ်ရံ ဂွာဒီယိုလာသည် ခံစစ်ကို သုံးယောက်ထားကစားရာမှ လေးယောက်ထားကစားပြီး နည်းစနစ်အပြောင်းအလဲပြုလုပ်ခြင်းများရှိနေသလို ညာအစွန်ခံစစ်မှူးဝေါ်လ်ကာကို ခံစစ်အတွင်းလူ သုံးဦးအနက် တစ်ဦးအဖြစ်အသုံးပြုသည့်ပွဲအချို့လည်း ရှိခဲ့သည်။

မန်စီးတီးသည် မနေ့ညက လိုက်ပ်ဇစ်နှင့် အဝေးကွင်းပွဲစဉ်အဖြစ်ကစားရာတွင် တစ်ဂိုးစီသရေကျခဲ့သည်။ လာပေါ်တေနှင့်စတုံးဒဏ်ရာရနေခြင်းကြောင့် အာကီနှင့် အာကင်ဂျီတို့ကို အသုံးပြုခဲ့ရသည်။ ဖာဒီနန်က ခံစစ်တွင် ပုံမှန်ပွဲကစားခွင့်မရပဲ အပြောင်းအလဲများနေခြင်းက မန်စီးတီးကို ထိခိုင်စေနိုင်ကြောင်း ဝေဖန်ပြောဆိုလိုက်သည်။

“အသင်းကြီးမှန်သမျှ အောင်မြင်တဲ့အသင်းမှန်သမျှရဲ့ အခြေခံအုတ်မြစ်က တည်ငြိမ်တဲ့ ခံစစ်စုဖွဲ့မှု ရှိတာပဲ ဖြစ်ပါတယ်။ မန်စီးတီးမှာ လောလောဆယ်အဲဒီလို မရှိနေဘူး။ သူတို့က အပတ်စဉ်ခံစစ်ကစားပုံ လူထုတ်ပုံပြောင်းနေတယ်။ ဒဏ်ရာကြောင့်ဖြစ်စေ အခြားအကြောင်းပြချက်ကြောင့်ဖြစ်စေ ပြောင်းလဲနေတယ်။ သမိုင်းကြောင်းအရ အောင်မြင်တဲ့အသင်းက ခံစစ်မှာ တူညီတဲ့ကစားသမားကို အခုထက်ပိုပြီး အသုံးပြုဖို့လိုအပ်နေကြောင်း ပြသနေပါတယ်။ ဥပမာရီးရဲမက်ဒရစ်ကို ကြည့်လိုက်ပါ။ သူတို့ခံစစ်အတွင်းလူနေရာမှာ အခုဆိုရင် ရူဒီဂါနဲ့ မီလီတိုကစားတယ်။ အရင်က ဗာရန်းနဲ့ ရာမို့စ်ကစားတယ်”ဟု ဖာဒီနန်က ပြောဆိုလိုက်သည်။
