ပြီးခဲ့သည့် အောက်တိုဘာလ (၃)ရက်နေ့က ကစားခဲ့သော လီဗာပူးလ်(၂-၂)မန်စီးတီး ပရီးမီးယားလိဂ်ပွဲစဉ်တွင် မန်စီးတီးနည်းပြအဖွဲ့ဝင်တစ်ဦးအား လီဗာပူးလ်ပရိသတ်က တံတွေးဖြင့်ထွေးခဲ့သည်နှင့်ပတ်သက်ပြီး သက်သေအထောက်အထားတစ်စုံတစ်ရာမတွေ့ရှိရဟု လီဗာပူးလ်အသင်းတာဝန်ရှိသူများက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
မန်စီးတီးအသင်းဘက်မှ စွပ်စွဲခဲ့ပြီးနောက် မိမိတို့ စုံစမ်းစစ်ဆေးရာတွင် သက်သေအထောက်အထားတစ်စုံတစ်ရာမတွေ့ရှိရဟု လီဗာပူးလ်အသင်းက တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။
ထိုစဉ်က ယင်းဖြစ်ရပ်အတွက် မိမိတို့ထံတွင် ဗီဒီယိုမှတ်တမ်းရှိထားကြောင်း၊ ယင်းပရိသတ်အားအရေးယူနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများထံ ဗီဒီယိုဖိုင်ပေးပို့ခဲ့ကြောင်း မန်စီးတီးအသင်းတာဝန်ရှိသူများက ပြောကြားခဲ့ကြသည်။
ယင်းဖြစ်ရပ်အတွက် ရနိုင်သလောက် အချက်အလက်များ စုဆောင်းကာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့သော်လည်း အထောက်အထား တစ်စုံတစ်ရာမတွေ့ရှိသဖြင့် စုံစမ်းစစ်ဆေးနေခြင်းကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း လီဗာပူးလ်အသင်းတာ ဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သို့သော် ယင်းပွဲ၌ ရန်လိုသောအပြုအမူများကို ပြုလုပ်ခဲ့သည့် လီဗာပူးလ်ပရိသတ် (၂)ဦး၏လုပ်ရပ်ကို တွေ့ခဲ့ရပြီး ၎င်းတို့အား အရေးယူသွားမည်ဖြစ်ကြောင်း လီဗာပူးလ်အသင်း၏ကြေညာချက်၌ ဖော်ပြခဲ့သည်။
ယင်းပွဲတွင် အိမ်ရှင် လီဗာပူးလ်အသင်းက ဦးဆောင်ဂိုးများသွင်းယူပြီးမှ သရေကျခဲ့ခြင်းဖြစ်သည်။