ချဲလ်ဆီး အသင်းရဲ့ အီတလီ လက်ရွေးစင် ဘယ်နောက်ခံလူ အီမာဆင် ပါလ်မီရီ ဟာ နည်းပြဟောင်း ဖရန့် လမ်းပတ် လက်ထက် ကတည်းက ပုံမှန် ပွဲထွက်ခွင့် မရခဲ့ပေမယ့် ၊ မကြာသေးခင်က ပြီးဆုံးသွားတဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ အထိ ချဲလ်ဆီး အသင်းမှာ ဆက်လက် ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။
ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ဈေးကွက် ၂ခု ၊ ၃ခု အထိ အသင်းပြောင်းမယ့် ကောလဟလတွေ ကျယ်လောင်စွာ ထွက်ခဲ့ပေမယ့် ၊ အီမာဆင် ဟာ အကြောင်း အမျိုးမျိုးကြောင့် အသင်းပြောင်းဖို့ အဆင်မပြေခဲ့ပါဘူး ။ ဒါ့အပြင် အီမာဆင် ဟာ မကြာသေးခင်ကမှ ပြီးဆုံးခဲ့တဲ့ ဘောလုံး ရာသီမှာလည်း ရခဲ့တဲ့ ပွဲထွက်ခွင့် က ၁၀ပွဲပင် မပြည့်ခဲ့ပါဘူး ။
ဒီအတွက်ကြောင့် လာမယ့် ယူရို ပြိုင်ပွဲ အပြီးမှာ အီမာဆင် ဟာ ချဲလ်ဆီး က ထွက်ခွာဖို့ သေချာပေါက် ထပ်မံ စဉ်းစားဦးမှာ ဖြစ်ပြီး ၊ စီးရီးအေသို့ တကျော့ပြန် အခြေချဖို့က ၎င်းအတွက် အဖြစ်နိုင်ဆုံး ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ် ။
အီတလီ လက်ရွေးစင် နည်းပြ ရောဘတ်တို မန်ချီနီ ဟာလည်း ပုံမှန် ပွဲကစားခွင့် ပျောက်ဆုံးနေတဲ့ အီမာဆင် ကို အသင်းပြောင်းဖို့ အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ် ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး အီမာဆင် က အခုလိုပဲ The Telegraph သတင်းဌာနနဲ့ တွေ့ဆုံခဲ့ရာမှာ ဖွင့်ဟ ပြောကြားခဲ့ပါတယ် ။
အီမာဆင် က ” အသင်းပြောင်းဖို့ တိုက်တွန်းတယ် ဆိုတာ သူ ( မန်ချီနီ ) ကျွန်တော့ အပေါ် ဂရုစိုက်တယ် ဆိုတာ ဖော်ညွှန်းနေပါတယ် ။ သူဟာ ကျွန်တော် ကလပ် အသင်း အဆင့်မှာ အဆင်ပြေနေတာကိုပဲ မြင်ချင်ပါတယ် ။ ”
” သူက ကျွန်တော့ကို ကိုယ့်ရဲ့ အရည်အသွေး အစစ်အမှန် ပြသခွင့်ရအောင် ပုံမှန် ကစားခွင့်လည်း ရမယ့် ၊ ရည်ရွယ်ချက်လည်း မြင်မားတဲ့ ကလပ် တသင်းသင်းဆီ ပြောင်းရွှေ့နိုင်မယ် ဆိုရင် အကောင်းဆုံးပဲလို့ အကြံပေးခဲ့ဖူးပါတယ် ။ သူဟာ ဒီ ဆန္ဒကို ကျွန်တော် မြင်အောင် ဖော်ပြခဲ့တာပါ ။ ”
” ဒါပေမယ့် တခါတလေ ဘောလုံး လောကမှာ အခြေအနေ ၊ အချိန်အခါ ၊ အချက်အလက်တွေ အပေါ် မူတည်ပြီး အသင်းပြောင်းသင့် မပြောင်းသင့် ဆုံးဖြတ်ရတာတွေ ရှိပါတယ် ။ ဒါဟာ ကျွန်တော့ အပေါ် အပြည့်အဝ မမူတည်နေပါဘူး ။ ”
” ကျွန်တော့ဖက်က ကတိပေးနိုင်တာကတော့ ဒီ ယူရို ပြိုင်ပွဲမှာ ကျွန်တော် ဟာ နိုင်ငံ လက်ရွေးစင် အသင်း အတွက် နောက်ဆုံး ချွေးတစက်မှ မကျနိုင်တော့တဲ့ အချိန် အထိ ပေးဆပ် ကစားသွားမယ် ဆိုတာပါ ။ ဟုတ်ပါတယ် ။ ယူရို ပြိုင်ပွဲ ဟာ ကျွန်တော် အဓိက အာရုံစိုက်နေတဲ့ ပြိုင်ပွဲ ဖြစ်ပါတယ် ။ ”
” ခင်ဗျား ဟာ ပုံမှန် ကစားခွင့် မရတဲ့ ကစားသမား တယောက်ဆိုရင် တခြားသူတွေထက် လေ့ကျင့်ချိန် နည်းနည်း ပိုပေးရမယ် ၊ အားထုတ်မှု နည်းနည်း ပိုလုပ်နိုင်ရပါမယ် ။ ဒီတော့မှ အခွင့်အရေးတွေ ရလာတဲ့အခါ ခင်ဗျားဟာ အကောင်းဆုံး ပုံစံမှာ ရှိနေနိုင်မှာ ဖြစ်ပါတယ် ။ ”
” ဒါဟာ ကျွန်တော် လုပ်နေတဲ့ အရာတွေ ဖြစ်ပါတယ် ။ ဘာလို့လဲ ဆိုတော့ လက်ရွေးစင် အသင်းမှာ ခင်ဗျား ဟာ ကိုယ့်ရဲ့ အကောင်းဆုံး ပုံစံမှာ ရှိဖို့ လိုနေလို့ပါ ။ ကျွန်တော် ဟာ ကိုယ်ထင်ထားသလို မဖြစ်လာတဲ့ ဘောလုံးရာသီ တခုကို ကျော်ဖြတ်ထားရတာပါ ။ ”
” ဒါပေမယ့် ဒီလို ခက်ခဲ ကြမ်းတမ်းတဲ့ ဘောလုံးရာသီ တခုရဲ့ လမ်းခုလတ်မှာ ခင်ဗျား ဟာ ကိုယ့်အတွက် အပေါင်း လက္ခဏာ ဆောင်တဲ့ အရာတွေကို ဖြည့်တွေးနိုင်ရပါမယ် ။ ဒီ အတောအတွင်း ကျွန်တော် ဟာ သင်ခန်းစာ များစွာ သင်ယူခဲ့ရပါတယ် ။ ”
” အဆုံးမှာ ဒါတွေ အားလုံးဟာ ပျော်ပျော်ရွှင်ရွှင် နေဖို့ ၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ဖို့ ၊ နည်းပြကို ပွဲထွက်ခွင့် အတွက် ရွေးချယ်မှု ပေးနိုင်ဖို့ အတွက်ပဲ ဖြစ်ပါတယ် ။ ဒီ နည်းလမ်း ဟာ ရိုးမား အသင်းမှာ အလုပ် ဖြစ်ခဲ့သလို ၊ ဖလား ၃လုံး ဆွတ်ခူးခဲ့ပြီးနောက် ချဲလ်ဆီးမှာလည်း အလုပ်ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”
” အပြင်ကနေ ဒါကို ရုပ်လုံးဖော် ပြောပြဖို့ မလွယ်ရင်တောင် ကျွန်တော် ဟာ နေ့စဉ်နေ့တိုင်း ကိုယ်ကစားနေတဲ့ အသင်းတိုင်း အတွက် အကောင်းဆုံး ပေးဆပ်နေတယ် ဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်လုံပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။
ဆက်လက်ပြီး အီမာဆင် က သူ့ရဲ့ ချဲလ်ဆီးက အနာဂတ်နဲ့ ပတ်သက်ပြီးလည်း ” ကလပ် အသင်းက အကြောင်းအရာတွေကို လောလောဆယ်မှာ တတ်နိုင်သလောက် မတွေးမိအောင် ကြိုးစားနေပါတယ် ။ ကျွန်တော့မှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိပြီး ၊ ကိုယ့်ဖက်က တုန့်ပြန်ဖို့ အကောင်းဆုံး အဖြေက ကွင်းတွင်း စွမ်းဆောင်ရည်နဲ့ ပေးဆပ်မှုတွေ ဖြစ်ပါတယ် ။ ”
” အဆုံးမှာတော့ အရာရာတိုင်း ဟာ သူ ဖြစ်သင့်တဲ့ နည်းလမ်း အတိုင်း ဖြစ်ပျက်နေကျပါ ။ ဒီအတွက်ကြောင့် အနာဂတ် အကြောင်းနဲ့ ပတ်သက်ပြီး ကျွန်တော့ဖက်က ဘာစိုးရိမ်စရာမှ မရှိသေးပါဘူး ။ ” လို့ ပြောကြားခဲ့ပါတယ် ။