လီဗာပူး အသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး ဂျာဂင် ကလော့ ဟာ မန်ချက် စတာ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် နဲ့ အတူ ဦးနှောက် မှတ်ဉာဏ်စွမ်းရည် လျော့ကျမှု ကုသရေး ရန်ပုံငွေ စကားဝိုင်း မှာ ပါဝင်ဖို့ ဆုံးဖြတ်ခဲ့ ပါတယ် ။ အဆိုပါ ပွဲမှာ ဂျာဂင် ကလော့ နဲ့ ဆာ အဲလက်စ် ဖာဂူဆန် အပြင် လီဗာပူး ဂန္ထဝင်ကြီး ဆာ ကင်နီ ဒဲဂလစ်ရှ် ၊ အင်္ဂလန် နည်းပြ ဂါရတ် ဆောက်ဂိတ် တို့လည်း ပါဝင် ဆွေးနွေး ကြမှာလို့ သိရ ပါတယ် ။
လီဗာပူး နဲ့ မန်ချက် စတာ ယူနိုက်တက် တို့ ကစားကြမယ့် တနင်္ဂနွေနေ့ ပွဲစဉ် မတိုင်မီ ၄၈ နာရီ အလိုမှာ ပြုလုပ်မယ့် အဆိုပါ စကားဝိုင်းဟာ သက်ကြီး ဘောလုံး သမား တို့ရဲ့ မှတ်ဉာဏ်စွမ်းရည် လျော့ကျမှု ကို သုတေသနပြု ကုသ ရေး အတွက် ရန်ပုံငွေ ကောက်ခံတဲ့ ပရဟိတ စကားဝိုင်း ဖြစ်တယ်လို့ သိရ ပါတယ် ။
ဗြိတိန် ဧရိယာ အတွင်းမှာ ရှိတဲ့ သက်ကြီး ဘောလုံး သမားဟောင်းတွေ ( အသက် ၈၀ နဲ့ အထက် ) ဟာ မှတ်ဉာဏ် လျော့ကျမှု ဒဏ်ကို ခံစား နေရပြီး သူတို့ ငယ်စဉ်က ဘောလုံး ကစား ခဲ့တာတွေ ၊ အောင်မြင် ခဲ့ကြ တာတွေကို ကောင်းစွာ မမှတ်မိ ကြတော့ ပါဘူး ။
ဒီလို ဖြစ်မှုတွေ ဟာ ဘောလုံးကို ခေါင်းတိုက် ကစားခဲ့မှုတွေ နဲ့လည်း ဆက်နွယ် နေကြောင်း လေ့လာတွေ့ရှိမှု တွေ ရှိလာခဲ့ တာကြောင့် လူငယ် အသင်းတွေမှာ ခေါင်းတိုက် ကစားမှု ကို ကန့်သတ်ဖို့ အဆိုပြုမှုတွေ ရှိလာခဲ့ ပါတယ် ။ အခု နောက်ဆုံး လှုပ်ရှားမှု မှာတော့ ဘောလုံး လောက ရဲ့ အကျော် အမော် နည်းပြကြီးတွေ ပါဝင် လာခဲ့ပါပြီ ။
“ဒီလို အရေးကြီးတဲ့ ပွဲမကစားခင် မှာ အခြား ကိစ္စတွေ အတွက် ကျွန်တော် အချိန်ပေးလေ့ မရှိ ပါဘူး ။ ဒါပေမယ့် ဆာ ကင်နီ ၊ ဆာအဲလက်စ် တို့ ၊ ဂါရတ် တို့နဲ့ အတူ ဆွေနွေးရမှာ ၊ ဒီလို မွန်မြတ်တဲ့ ကိစ္စ မှာ ရန်ပုံငွေ ပိုရလာအောင် ကူညီခွင့် ရမှာတွေက ကျွန်တော့ကို စိတ်အား ထက်သန် စေခဲ့ ပါတယ်” လို့ လီဗာပူး နည်းပြကြီး ယာဂင် ကလော့ က ပြောဆို သွားခဲ့ ပါတယ် ။
အဆိုပါ အစီအစဉ် ကို Sky Sports သတင်း ဌာနက တာဝန်ယူ တင်ဆက်ပေးသွား မှာ ဖြစ်ပြီး ဆာ ကင်နီ ဒဲဂလစ်ရှ် ရဲ့ သမီး ဖြစ်သူ ကီလီကိတ် ( Sky Sports တင်ဆက်သူ ) က တင်ဆက်သူ အဖြစ် ပါဝင် သွားမှာ ဖြစ် ပါတယ် ။ ကီလီကိတ် တစ်ဦးသာ သတင်းဌာန မှာ ရှိနေမှာ ဖြစ်ပြီး နည်းပြ ၄ ဦးကတော့ သူတို့ရဲ့ နေအိမ် အသီးသီး ကနေ ဆွေးနွေး ပေးသွား ကြမှာပဲ ဖြစ် ပါတယ် ။
အစီအစဉ် ကို ကြည့်ရှုဖို့ အတွက် လက်မှတ် ဝယ်ယူ လှူဒါန်း ထားကြတဲ့ ပရိသတ်တွေ အနေနဲ့ မေးခွန်းတွေကို မေးမြန်းနိုင်မှာ ဖြစ်တယ်လို့လည်း သိရ ပါတယ် ။ Sky Sports ဟာ အစီအစဉ် ကနေ ရန်ပုံငွေ ပေါင် ၅ သိန်း ခန့် ရရှိဖို့ မျှော်မှန်း ထားပြီး အယ်ဇိုင်းမား ကုသရေး ပရဟိတ အဖွဲ့ နဲ့ လိဂ်မန်နေဂျာများ တည်ထောင်ထားတဲ့ ပရဟိတ အဖွဲ့တွေ ထံ လှူဒန်း သွားမှာ ဖြစ်တယ် လို့ သိရ ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် ဂန္ထဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် ကတော့ ယူနိုက်တက် ရဲ့ ပြိုင်ဘက် လီဗာပူး နည်းပြ ၂ ဦး နဲ့ တစ်ဝိုင်းတည်း ထိုင်ပြောဆိုရမှု နဲ့ ပတ်သက်ပြီး “မီးပွားတွေတော့ ပြန့်ကုန်တော့မှာပဲ” လို့ ဟာသလုပ် ပြောဆို သွားခဲ့ ပါတယ် ။
ဒါပေမယ့် တကယ်တမ်း မှာတော့ ဖာဂူဆန် ဟာ ဒဲဂလစ်ရှ် နဲ့ အလွန် ရင်းနှီးသူ ( စကော့သားချင်း ) ဖြစ်သလို လီဗာပူး နည်းပြကြီး ကလော့ နဲ့ လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့ကြပါတယ် ။ ကလော့ ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက လီဗာပူး အသင်း အမှတ်ပေး ချန်ပီယံ ဖြစ်စဉ်က ဖာဂူဆန် ကို ညနက်ကြီး စာပို့ အသိပေးခဲ့ ဖူးပြီး ဖာဂူဆန် ကလည်း အဆိုပါ အကြောင်းကို အမှတ်တရ ပြန်ပြောင်း ပြောပြ ခဲ့ဖူး ပါတယ် ။