မန်ချက်စတာယူနိုက်တက်အသင်း၏ အမာခံပရိသတ်နှင့် ကမ္ဘာ့တာတိုဘုရင်ဖြစ်သူ ဂျမေကာအပြေးသမားဟောင်း ယူစိန်ဘော့က လက်ရှိတွင် ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက အသင်းကို ပွဲတိုင်းကယ်တင်နေရပြီး အသင်းအနေဖြင့် စပါးအသင်းကို ကိုင်တွယ်သွားသည့် အီတလီနာမည်ကြီး နည်းပြ ကွန်တီကို နည်းပြအဖြစ် ခန့်အပ်ခဲ့သင့်သည်ဟု ဝေဖန်ခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ$ ရုန်းကန်နေရပြီး ၁၁ ပွဲ ကစားပြီးချိန်တွင် ငါးပွဲနိုင်၊ နှစ်ပွဲသရေ၊ လေး ပွဲရှုံးဖြင့် အဆင့်ခြောက်နေရာသို့ ရောက်ရှိလျက်ရှိသည်။ ယူအေအီးအခြေစိုက်သတင်းဌာနဖြစ်သည့် The National News နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ဆိုးလ်ရှား၏ အနေအထားနှင့်ပတ်သက်ပြီး မေးမြန်းမှုကို ယူစိန်ဘော့က စပါးအသင်းနည်းပြအဖြစ် တာဝန်မယူမီ ကွန်တီကို အစားထိုးခဲ့သင့်သည် ဟု သုံးသပ်ခဲ့သည်။
“သူ (ကွန်တီ) ချယ်လ်ဆီးအသင်းမှာ ရှိချိန် ဖလားယူနိုင်ခဲ့တယ်။ သူ အင်တာမီလန်အသင်းမှာလည်း ဖလားရရှိခဲ့တယ်။ ဂျူဗင်တပ်စ်အသင်းမှာလည်း ဖလားရယူခဲ့တယ်။ ရောက်ရှိတဲ့နေရာတိုင်းမှာ သူက အသင်းကို ကောင်းကောင်းညွှန်ကြားပြသနိုင်ခဲ့တယ်။ ဇန်နဝါရီမှာတော့ စပါးအသင်းအတွက် ကစားသမား တစ်ဦး သို့မဟုတ် နှစ်ဦးလောက် သူခေါ်ယူလိမ့်မယ်။ အဲဒီနောက် ရာသီကုန်ဆုံးချိန်မှာတော့ အသင်းနဲ့သင့်တော်မယ့်ကစားသမားတွေ သူရှာဖွေသွားပြီး ခေါ်ယူမှာပါ”ဟု ယူစိန်ဘော့က ပြောကြားခဲ့သည်။
ထို့ပြင် ယူစိန်ဘော့က ပြီးခဲ့သည့်နွေရာသီတွင် အသင်းသို့ ပြန်လည်ရောက်ရှိလာသည့် စီရော်နယ်လ်ဒိုနှင့်ပတ်သက်ပြီး “ကျွန်တော်တို့အသင်း ရုန်းကန်နေရပါတယ်။ ခရစ္စတီယာနိုက ပွဲတိုင်းလိုလိုမှာ ကျွန်တော်တို့ကို ကယ်တင်နေရတယ်။ လူတစ်ဦးတစ်ယောက်က အလုပ်အားလုံးကို လုပ်ဆောင်နေရတဲ့ ပုံစံမျိုးပါ။ ကျွန်တော်တို့ဟာ ပွဲချိန်အတော်များများကို ကောင်းကောင်းမကစားနိုင်ကြပါဘူး။ ဘောလုံးကို အပန်းဖြေကန်နေသလိုမျိုး ကစားနေကြတယ်။ အသင်းကစားသမားတွေရဲ့ ဘောလုံးပေးပို့မှုကလည်း နှေးကွေးလွန်းတယ်။ ဆာအဲလက်ဖာဂူဆန် မန်နေဂျာ ဖြစ်ခဲ့ချိန်တုန်းကတော့ ကျွန်တော်တို့ အောင်မြင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကစားသမားတွေဆီက နိုင်လိုစိတ်ကို မြှင့်တင်ပေးနိုင်လို့ပါပဲ”ဟု ယူစိန်ဘော့က သုံးသပ်ခဲ့သည်။
စီရော်နယ်လ်ဒိုသည် အသင်းသို့ တစ်ကျော့ပြန်ခရီးတွင် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၂ ပွဲက စားထားရာတွင် ကိုးဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းခွင့်အနည်းငယ်သာရရှိသည့်အခြေအနေများမှ အကောင်းဆုံးအသုံးချနိုင်ခဲ့ခြင်း ဖြစ်သည်။ မန်ယူအသင်းသည် လက်ရှိတွင် ထိပ်ဆုံးမှ ချယ်လ်ဆီးနှင့် ကိုးမှတ်အထိ ကွာဟလျက်ရှိသည်။