ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် လက်စတာ-မန်ချက်စတာယူနိုက်တက်ပွဲတွင် မန်ချက်စတာယူနိုက်တက်အသင်းသည် (၂-၄)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် အသင်း၏ ပရီးမီးယားလိဂ်အဝေးကွင်း ရှုံးပွဲမရှိစံချိန်မှာ ကျိုးပျက်သွားခဲ့သည်။ မန်ချက်စတာယူနိုက်တက်အသင်းသည် ၂၀၂၀၊ ဖေဖော်ဝါရီလက ကစားခဲ့သော ချယ်လ်ဆီး(၀-၂) မန်ချက်စတာယူနိုက်တက်ပွဲမှစတင်၍ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ်များတွင် အရှုံးမရှိတော့ဘဲ နိုင်ပွဲနှင့်သရေပွဲများသာ ကစားနိုင်ခဲ့သည်။
မန်ချက်စတာယူနိုက်တက်အသင်းအနေဖြင့် ပရီးမီးယားလိဂ်အဝေးကွင်းတွင် ရှုံးပွဲမရှိသည်မှာ(၂၉)ပွဲတိုင် ကြာမြင့်ခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက်၌ ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့် အသင်းမရှိခဲ့ပေ။ ၂၀၀၃-၀၄ ဘောလုံးရာသီတွင် တစ်ရာသီ လုံးရှုံးပွဲမရှိဘဲ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့သည့် အာဆင်နယ်အသင်းပင်လျှင် ပရီးမီးယားလိဂ်အဝေးကွင်း ဆက်တိုက်ရှုံးပွဲမရှိသည်မှာ (၂၇)ပွဲအထိသာ ရှိခဲ့သည်။
မန်ချက်စတာယူနိုက်တက်အသင်း အနေဖြင့် ၎င်းတို့၏ စံချိန်ကောင်းတစ်ခုကို ပွဲ(၃၀)အထိရှေ့ မဆက်နိုင်ခဲ့ဘဲ လက်စတာနှင့် အဝေးကွင်းပွဲစဉ်တွင် ရပ်တန့်ခဲ့ရခြင်းဖြစ်သည်။ မန်ချက်စတာယူနိုက်တက်အသင်းသည် ပြီးခဲ့သည့်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အဝေးကွင်း၌ ရှုံူးပွဲမရှိသည့် တစ်သင်းတည်းသော အသင်းအဖြစ် (၁၂ ပွဲနိုင်၊ ၇ ပွဲသရေ)ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့သော မန်စီးတီးအသင်းပင် အဝေးကွင်း ရှုံးပွဲ (၂)ပွဲရှိခဲ့ကြောင်း သိရသည်။
လက်စတာအသင်းနှင့်ပွဲတွင် ပြိုင်ဘက်အသင်းအား (၄)ဂိုးအထိပေးကာ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်း၏ ကွင်းလယ်လူပေါ့ဘာက အသင်းအား ပြုပြင်ပြောင်းလဲမှုများပြု လုပ်ရန်လိုအပ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိ အချိ်န်တွင် မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားအပေါ် ဝေဖန်မှုများ မြင့်တက်နေပြီး သူ၏နည်းပြရာထူးနှင့် ပတ်သက်၍ ပရိသတ်ထံမှ ဖိအားများရှိနေချိန်တွင် ပေါ့ဘာက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
” ဒီလိုပွဲမျိုးတွေကို ကျွန်တော်တို့ ကြုံတွေ့နေတာ မနည်းတော့ပါဘူး။ ခုထိလည်း ဒီအတွက် အဖြေရှာမရသေးဘူး။ ကျွန်တော်တို့အသင်းဟာ ဂိုးတွေကို အလွယ်တကူ မိုက်မိုက်မဲမဲ ခွင့်ပြုခဲ့ပါတယ်။ ကျွန်တော်တို့ ပရီးမီးယားလိဂ်ဖလားလိုချင်တယ်ဆိုရင် ဒီလိုပွဲမျိုးမှာ အနိုင်ရဖို့ လိုအပ်ပါတယ်။ သူတို့အသင်းက အရမ်းကောင်းနေတယ် ဆိုရင်တောင်မှပေါ့” ဟု ပေါ့ဘာက ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဆိုးလ်ရှားအပေါ် အသင်းဘုတ်အဖွဲ့က အားပေးထောက်ခံမှုများပြုလုပ်ဆဲဖြစ်သော်လည်း မန်ချက်စတာယူနိုက်တက်ပရိသတ်အများစုက ၎င်းအားအလိုမရှိတော့ ကြောင်းသိရသည်။ လက်ရှိမန်ချက်စတာယူနိုက်တက်ကစားသမားများအား ကလော့ပ် (သို့မဟုတ်) ဂွါဒီယိုလာ တစ်ဦးဦးကိုင်တွယ်ပါက ပရီးမီးယားလိဂ်ဖလားရရှိလိမ့်မည်ဟု မန်ချက်စတာယူနိုက်တက်အသင်းအားပေးသူ ပရိသတ်များက လူမှုကွန်ရက်တွင် ရေးသားခဲ့ကြသည်။