ဂျေမီကာရေဂါက မနေ့ညက မန်ချက်စတာယူနိုက်တက်နဲ့ ဂိုးမရှိ သရေကျ ခဲ့တဲ့ ပွဲစဉ်မှာ လီဗာပူး front three ဖြစ်တဲ့ ဆာဒီယိုမာနေး ၊ မိုဟာမက်ဆာလား နဲ့ ရော်ဘတ်တိုဖာမီနို တို့ကို အသင်းကို စိတ်ပျက်စေ ခဲ့တယ်လို့ ဆိုလိုက်ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ အအောင်မြင်ဆုံး ကလပ် အသင်းကြီး ၂ သင်း တွေ့ဆုံ ခဲ့တဲ့ ပွဲစဉ် ဖြစ်နေတာကြောင့် ပွဲမစမီ စိတ်လှုပ်ရှားမှုတွေ ၊ အပြန်အလှန် စကား စစ်ထိုးမှုတွေနဲ့ ရေချိန်မြင့်နေ ခဲ့ပါတယ်။
ယာဂန်ကလော့ဟာ ဗန်ဒိုက် ၊ ဂိုးမက်ဇ် ၊ ဂျိုးဂိုးမက်ဇ် တို့လို စီနီယာ ဗဟိုနောက်ခံလူတွေ ဒဏ်ရာ ရနေတဲ့ အခြေအနေကြောင့် makeshift center-back ဖြစ်တဲ့ ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့အတွဲကို ခံစစ်မှာ အသုံးပြု ခဲ့ရပါတယ်။ ဒါပေမယ့် ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့ဟာ မာစီရယ် ၊ ရပ်ဖို့ဒ် ၊ ဘရူနိုဖာနန်ဒက်စ် တို့ရဲ့ တိုက်စစ်ဆင်မှု တွေကို ကောင်းကောင်း ဟန့်တား နိုင်ခဲ့ပါတယ်။
ခံစစ်မှာ ဒဏ်ရာ ပြသနာ အကျပ်အတည်း ကြုံတွေ့ နေရပေမယ့်လည်း တကယ်တန်း စိုးရိမ်စရာ ကောင်းနေတာ ကတော့ ကွင်းရဲ့ အခြား တစ်ဖက်မှာ ဖြစ်ပါတယ်။ လီဗာပူးဟာ မန်ယူနိုက်တက် နဲ့ ဂိုးမရှိသရေကျခဲ့တာကြောင့် နောက်ဆုံး ပရီးမီးယားလိဂ် ၄ ပွဲမှာ ၁ ဂိုးသာ သွင်းယူ ထားနိုင်ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး တိုက်စစ် အတွဲအဖြစ် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေက သတ်မှတ်ခံထားရတဲ့ မာနေး ဆာလား ဖာမီနို တို့အတွဲ ကလည်း ယူနိုက်တက်နဲ့ ပွဲမှာ ထပ်မံ အလုပ် မဖြစ်ခဲ့ပြန်ပါဘူး။
ယူနိုက်တက်နဲ့ ဂိုးမရှိ သရေကျခဲ့ပြီးနောက် လီဗာပူး နောက်ခံလူဟောင်း ကာရေဂါက လက်ရှိမှာ လီဗာပူးကို ထိခိုက်မှု ရှိနေစေတာက ခံစစ် မဟုတ်ဘဲ တိုက်စစ် ကစားသမား ၃ ဦး ဖြစ်နေတယ်လို့ ပြောလိုက် ပါတယ်။
ကာရေဂါက “လီဗာပူး အတွက် ကတော့ တကယ့်ကို ကြီးမားတဲ့ ပြသနာ ဖြစ်နေ ပါတယ်။ ရက်သတ္တပတ်တိုင်း လီဗာပူးနဲ့ ပက်သက်ပြီး လူတွေ အများကြီး ပြောနေကြတာ ကတော့ ဗဟိုခံစစ်မှာ ဘယ်သူတွေ ကစားသွားမလဲ ဆိုတာ ပါပဲ။ ဒီပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်တို့ အကောင်းဆုံး အခွင့်အရေး တစ်ချို့ ရခဲ့ပါတယ်။ ဒါပေမယ့် ဟန်ဒါဆန် နဲ့ ဖာဘင်ညို တို့ဟာ သူတို့ ရင်ဆိုင် ခဲ့ရတဲ့ ထိပ်တန်း တိုက်စစ် ကစားသမား တွေရဲ့ အရည်အသွေးနဲ့ ချိန်ပြီး စဉ်းစား ကြည့်လိုက်မယ် ဆိုရင် သူတို့ အကောင်းဆုံး လုပ်နိုင် ခဲ့ပါတယ်။
လီဗာပူးရဲ့ အဓိက ပြသနာက ၃ ဦးတွဲ တိုက်စစ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ လီဗာပူးကို တကယ်တန်း စိတ်ပျက်စေတာ ကတော့ တိုက်စစ် ကစားသမား ၃ ဦး ဖြစ်ပါတယ်။ ဒီနေ့လည်း သူတို့ ဒီလိုမျိုး ဖြစ်ခဲ့ ပြန်ပါတယ်။” လို့ ဝေဖန်လိုက် ပါတယ်။
တီယာဂို အယ်ကန်တာရာ ကတော့ လီဗာပူး အနေနဲ့ ပရီးမီးယားလိဂ် ဖလားကို ကာကွယ်ဖို့ အတွက် ဒီထက် အများကြီး ကောင်းအောင် လုပ်သွား ရလိမ့်မယ်လို့ ဝန်ခံလိုက်ပါတယ်။
စပိန် ကွင်းလယ်လူက “အနိုင်မရရင် ကျွန်တော်တို့ ဘယ်တော့မှ ကျေနပ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ဒုတိယပိုင်း မှာတော့ ၅၀-၅၀ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံနဲ့ ပက်သက်ပြီး တစ်ချို့ အရာတွေကို ပျော်ရွှင်မိပါတယ်။ ဒါပေမယ့် လိဂ်ပြိုင်ပွဲရဲ့ ထိပ်ဆုံးနေရာကို ရဖို့ အတွက် ကျွန်တော်တို့ ဒီထက် အများကြီး ပိုကောင်းအောင် လုပ်သွားရပါမယ်။
အခွင့်အရေးတွေကို အသုံးမချ နိုင်ခဲ့တဲ့ အတွက် စိတ်ပျက်မိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အားထုတ်ပုံ ပြင်းထန်ခဲ့ပြီး နိုင်ပွဲရဖို့ နီးစပ်ခဲ့တဲ့ အခွင့်အရေးတွေ ဖန်တီး နိုင်ခဲ့လို့ပါ။ ကျွန်တော်တို့ ဒါတွေကို ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပါဘူး။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ ယုံကြည်မှုပိုင်း အနည်းငယ် ကျသွားစေခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပွဲဟာ အနည်းငယ် ပြောင်းလဲ သွားခဲ့တာပါ။ နောက်ဆုံးမှာတော့ ဒါဟာ ဘောလုံးပါပဲ။ ဒါဟာ ပွဲရဲ့ အစိတ်အပိုင်းပါပဲ။
ဂိုးတွေ ပြန်ရလာမှာပါ။ ကျွန်တော်တို့ တိုက်စစ် ကစားသမားတွေကို ကြည့်လိုက်ပါ။ Front three တင်မကပါဘူး။ ကျွန်တော်တို့မှာ အိုရီဂီ ၊ ရှကီရီ နဲ့ တကိ တို့လည်း ရှိနေပါတယ်။ ကျွန်တော်တို့မှာ ဂိုးသွင်းနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိနေတဲ့ အပြင် ကွင်းလယ်ကလည်း ဂိုးတွေ သွင်းနိုင်ပါတယ်။ ခံစစ်ကလည်း ဂိုးသွင်းနိုင်ပါတယ်။ အခွင့်အရေးတွေ ဖန်တီးဖို့နဲ့ ဒါတွေကို အသုံးချဖို့ ပါပဲ။” လို့ ဆိုလိုက်ပါတယ်။