ဘာစီလိုနာကွင်းလယ်လူ ဖရန်ကီဒီယွန်းသည် မန်ချက်စတာမြို့နှင့် မန်ယူအသင်း၏ စီမံကိန်းများကို နှစ်သက်ခြင်းမရှိသည့်အတွက် မန်ယူအသင်းထံသို့ ပြောင်းရွှေ့ရန် လုံးဝစိတ်မဝင်စားကြောင်း စပိန်အားကစားသတင်းစာ Sport က ဖော်ပြခဲ့သည်။
အသက် (၂၅)နှစ်အရွယ်ရှိ နယ်သာလန်လက်ရွေးစင်ကွင်းလယ်ကစားသမား ဖရန်ကီဒီယွန်းသည် ယခုနွေရာသီတွင် မန်ယူနည်းပြ တန်ဟက်ဂ်၏ နံပါတ်(၁) ပစ်မှတ်ကစားသမားဖြစ်ပြီး ပေါင် (၇၁.၅)သန်းဖြင့် ခေါ်ယူရန် ဘာစီလိုနာအသင်းနှင့် သဘောတူညီမှုရထားပြီဖြစ်ကြောင်း ဥရောပမီဒီယာများက ဖော်ပြနေကြသည်။
သို့ သော် ဖရန်ကီဒီယွန်းအနေဖြင့် အသင်းပြောင်းရွှေ့ခဲ့ပါက ဘာစီလိုနာအသင်းမှရရှိမည့် လစာ ပေါင် (၁၇)သန်းနှင့် ဆုကြေးများကို မရမည်ကိုစိုးရိမ်သဖြင့် အသင်းပြောင်းရွှေ့ရန် တုံ့ဆိုင်းနေကြောင်း သတင်းထွက်ပေါ်ခဲ့သည်။
သို့သော် ယခုအခါ Sport က ဖရန်ကီဒီယွန်းသည် ယခုနွေရာသီတွင် မန်ယူအသင်းသို့ ပြောင်းရွှေ့ရန် လုံးဝစိတ်မဝင်စားဘဲ ဘာစီလိုနာအသင်းက အတင်းရောင်းချပါက ချယ်လ်ဆီး သို့မဟုတ် ဘိုင်ယန်မြူးနစ်အသင်းသို့သာ ပြောင်းရွှေ့လိုနေကြောင်း ဖော်ပြခဲ့သည်။
ဒီယွန်းသည် အသင်းတွင် ဆက်နေလိုသော်လည်း ဘာစီလိုနာအသင်းသည် ယခုနွေတွင်ခေါ်ယူထားသည့် ကစားသမားများကို မှတ်ပုံတင်ရန်အတွက် လစာလျှော့ရမည်ဖြစ်ပြီး ဒီယွန်းကို မဖြစ်မနေရောင်းထုတ်ဖွယ်ရှိနေသည်။
မန်ယူအမှုဆောင်ချုပ် ရစ်ချက်အာနိုးလ်သည် ဒီယွန်းကို ခေါ်ယူရန် အတွက် လာရောက်စည်းရုံးခဲ့သော်လည်း ကစားသမားအနေဖြင့် မန်ယူသို့ပြောင်းရွှေ့ရန် လုံးဝစိတ်မဝင်စားကြောင်း သိရသည်။
ဒီယွန်းသည် မန်ချက်စတာမြို့ကို နှစ်သက်ခြင်း မရှိသလို၊ မန်ယူအသင်းသွားနေသည့် စီမံကိန်းကိုယုံကြည်မှုမရှိကြောင်း Sport က ဖော်ပြခဲ့ခြင်းဖြစ်သည်။