မန်စီးတီးကွင်းလယ်လူ ရိုဒရီတစ်ယောက် အာဆင်နယ်နဲ့ပွဲမှာ ပြင်းထန်တဲ့အရွတ်ကြောဒဏ်ရာရရှိခဲ့ပြီး အခုရာသီကို လွဲချော်မယ်လို့ ကနဦးသတင်းတွေက ဆိုပါတယ်။ စပိန်သားမရှိတော့တဲ့နောက်ပိုင်း စီးတီးအသင်းဟာ ရုန်းကန်ခဲ့ရပြီး ဒီရာသီ ၁၇ ပွဲမှာ ၇ ပွဲသာအနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဟာ နိုဝင်ဘာအစကတည်းက ရမှတ် ၁၈ မှတ်ထဲကနေ ၄ မှတ်သာစုဆောငးနိုင်ခဲ့ပြီး ချန်ပီယံဆုလမ်းကြောင်းကနေပါ သွေဖယ်လာခဲ့ပါတယ်။လက်ရှိအမှတ်ပေးဇယားမှာတော့ စီးတီးဟာ ထိပ်ဆုံးနေရာက လီဗာပူးအသင်းနဲ့ ၉ မှတ်အကွာအနေအထားမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်မှာလည်း ရလဒ်တွေဆိုးဝါးနေပြီး ၆ ပွဲကနေ ၈ မှတ်သာရရှိထားကာ အဆင့် ၂၂ နေရာမှာ ရပ်တည်နေပါတယ်။
အခုချိန်မှာတော့ စီးတီးအတွက် သတင်းကောင်းတစ်ရပ်ထွက်ပေါ်လာခဲ့ပြီး ရိုဒရီဟာ ခွဲစိတ်မှုခံယူပြီးနောက် ကြံ့ခိုင်မှုလုပ်ငန်းစဉ်တွေကို လုပ်ဆောင်လာပြီလို့ သိရပါတယ်။ သတင်းတွေအရ စပိန်သားဟာ အခုရာသီမကုန်ခင်မှာ အသင်းအတွက် ပါဝင်ကစားပေးနိုင်ချေရှိတယ်လို့ သိရပြီး ဆေးအဖွဲ့ကလည်း ကစားသမားရဲ့လုပ်ဆောင်မှုကို သဘောကျနေပါတယ်။
ကနဦးအစီအစဉ်မှာတော့ စီးတီးဟာ ရိုဒရီကို လာမယ့် ၂၀၂၅ ကလက်ကမ္ဘာ့ဖလားမတိုင်ခင် ပြန်လာနိုင်ဖို့ စီစဉ်ထားပေမယ့် အခုချိန်မှာတော့ အဆိုပါစီစဉ်ထားတဲ့ရက်ထက်စောနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရိုဒရီပြန်လာခဲ့ရင်တောင် စီးတီးရဲ့လက်ရှိအနေအထားကို ကယ်တင်နိုင်မလားဆိုတာက စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။