ရီးယဲလ်မက်ဒရစ်အသင်း၏ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ဘန်ဇီမာက ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ မရှိတော့သော်လည်း ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်တို့ ယှှဉ်ပြိုင်ကစားမည့် El Clásico ပွဲစဉ်မှာ ဘောလုံးကမ္ဘာ၏ အကောင်းဆုံးပွဲတစ်ပွဲအဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဘာစီလိုနာနှင့် ရီးယဲလ်မက်ဒရစ်အသင်းတို့သည် ယခုရာသီ လာလီဂါပြိုင်ပွဲတွင် ပထမဆုံးထိပ်တိုက်တွေ့ဆုံမည့် El Clásico ပွဲစဉ်ကို လာမည့် အောက်တိုဘာ (၂၄)ရက်နေ့တွင် ဘာစီလိုနာအသင်း၏ နူးကမ့်ကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ယင်းပွဲစဉ် မတိုင်မီ ဘန်ဇီမာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဘာစီလိုနာအသင်း၏ အာဂျင်တီးနားဂန္ထဝင်တိုက်စစ်မှူး မက်ဆီသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က ပြင်သစ်ကလပ် PSG အသင်းသို့ပြောင်းရွှေ့သွားခဲ့ပြီးနောက် ဘောလုံးပရိသတ်များအနေဖြင့် မက်ဆီနှင့် စီရော်နယ်လ်ဒိုမပါဝင်တော့သည့် El Clásico ပွဲစဉ်ကို ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် ကြည့်ရှုခံစားရမည် ဖြစ်သည်။
ထို့ကြောင့် မက်ဆီကဲ့သို့ ကစားသမားမပါဝင်တော့သော El Clásico ပွဲစဉ်၏ ပြိုင်ဆိုင်မှုအခြေအနေနှင့် ပတ်သက်ပြီး မေးမြန်းမှုကို ဘန်ဇီမာက ”ကျွန်တော့်အတွက်တော့ ဒီပွဲစဉ် (El Clásico)ဟာ အကောင်းဆုံးပွဲတစ်ပွဲအဖြစ်ရှိနေဆဲပါ။ ဒီပွဲစဉ်ဟာ ဘောလုံးကမ္ဘာရဲ့ အကောင်းဆုံးပွဲတစ်ပွဲအဖြစ်လည်း ရှိနေပါတယ်။ ဒီနေရာမှာ (ကလပ်အသင်းများအားရည်ညွှန်း) ဘယ်ကစားသမားတွေရှိနေပြီး၊ ဘယ်ကစားသမားတွေထွက်ခွာထွက်ခွာ၊ ဘယ်ကစားသမားသစ်တွေပဲရောက်ရောက် ဒါဟာအရေးမကြီးပါဘူး။ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာဟာ သမိုင်းဝင်ပြိုင်ဘက်တွေဖြစ်နေပြီးသားပါ။ ဇီဒန်း၊ ရော်နယ်လ်ဒင်ဟို၊ ရော်နယ်လ်ဒို (ဒိုကြီး)၊ အီတူးတို့လို ကစားသမားတွေရှိနေတုန်းကလည်း ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာဟာ အမြဲတမ်း ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအဖြစ်ပဲရှိခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က ဘာစီလိုနာအသင်းမှထွက်ခွာသွားခဲ့သူ မက်ဆီသည် El Clásico ပြိုင်ပွဲသမိုင်းတစ်လျှောက် ပြိုင်ပွဲစုံပွဲအများဆုံးကစားထားသူ (၄၅ ပွဲ)နှင့် ပြိုင်ပွဲစုံ ဂိုးအများဆုံးသွင်းထားသူ (၂၆ ဂိုး)အဖြစ်ရပ်တည်နေသူဖြစ်သည်။
ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းမှ PSG အသင်းသို့ပြောင်းရွှေ့သွားခဲ့သည့် စပိန်ဝါရင့်နောက်ခံလူ ရာမို့စ်မှာလည်း El Clásico ပွဲစဉ် အများဆုံးကစားထားသူ (၄၅ ပွဲ)အဖြစ် မက်ဆီနှင့်ပူးတွဲ ရပ်တည်နေသူဖြစ်သည်။
သို့သော် ယင်းကဲ့သို့ El Clásico ပြိုင်ပွဲ၏ အထင်ကရကစားသမားများ ထွက်ခွာသွားခဲ့ခြင်းကြောင့် ယင်းပွဲစဉ်၏ ပြိုင်ဆိုင်မှုပြင်းထန်ခြင်း ပုံရိပ်များမှာ လျော့ကျသွားဖွယ်ရှိကြောင်း စပိန်မီဒီယာများကသုံးသပ်နေပြီး၊ ယခုတစ်ကြိမ် ယှဉ်ပြိုင်ကစားမည့် El Clásico ပွဲစဉ်မှာ ၎င်းတို့နှစ်သင်းအကြား ပွဲစဉ်ပြိုင်ဆိုင်မှုကို ကိုယ်စားပြုမည့် အနာဂတ်ကြယ်ပွင့်ကစားသမားသစ်ကို ရွေးချယ်မည့်ပွဲစဉ်ဖြစ်သည်ဟုလည်း စပိန်အားကစားသတင်းစာ Marca က ဖော်ပြခဲ့သည်။