ပြီးခဲ့တဲ့ ဘောလုံးရာသီတွေ တုန်းကတော့ နေမာ ကို ဘာစီလိုနာဆီ ပြန်လည် ပြောင်းရွှေ့လာဖို့ အတွက် မက်ဆီ က စည်းရုံးရေး ဆင်းခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးသား ကိုယ်တိုင်က ပီအက်စ်ဂျီ ကနေ ထွက်ခွာနိုင်ဖို့ အတွက် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည့်တိုင်အောင် ၊ အကောင်အထည်တော့ ပေါ်လာခဲ့ခြင်း မရှိပါဘူး။
သို့သော် လက်ရှိမှာ အနေအထားတွေ က ပြောင်းပြန် ဖြစ်သွားခဲ့ပါပြီ။
ဘာစီလိုနာ က နေမာ ကို ခေါ်ယူနိုင်တဲ့ အင်အားမျိုး မရှိတော့သလို ၊ မက်ဆီ ကိုလဲ ထိန်းထားနိုင်စွမ်း မရှိတော့ပဲ ရာသီကုန်တာ နဲ့ စာချုပ်သက်တမ်း ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ ပရီးမီးယားလိဂ် ကလပ် မန်စီးတီး အသင်းက မက်ဆီ ကို ခေါ်ယူဖို့ အတွက် ဖြစ်နိုင်ချေ အရှိဆုံး လို့ ထင်ကြေးတွေ ပေးနေကြတဲ့ကြားက ၊ နေမာ ကိုယ်တိုင်ကတော့ သူ့ရဲ့ မိတ်ဆွေဟောင်းကြီး ပီအက်စ်ဂျီ ထံ လာရောက် ကစားဖို့ ဖိတ်ခေါ်သွားခဲ့ ပါတယ်။
“ လာမယ့် ဘောလုံးရာသီမှာတော့ မက်ဆီ နဲ့ အတူ ကစားချင်ပါတယ်။ ဒါက ကျနော့် ရဲ့ အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုပါပဲ။ နောက်နှစ်မှာ ကျနော်တို့ နှစ်ယောက် အတူတူ တွဲကစားနေတာကို သေချာပေါက် မြင်ကြရမှာပါ” လို့ ယူနိုက်တက် နဲ့ ကစားတဲ့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။
မက်ဆီ ကို လူသိရှင်ကြား စည်းရုံးရေး ဆင်းခဲ့တာ နေမာ တစ်ယောက်ထဲတော့ မဟုတ်ပါဘူး။ နောက်ထပ် အာဂျင်တီးနား လက်ရွေးစင် ကွင်းလယ် ကစားသမား တစ်ယောက် ဖြစ်တဲ့ ပါရီဒက် ကလဲ ၊ သူ့ရဲ့ နိုင်ငံ့လက်ရွေးစင် ကစားဖော် ပြောင်းရွှေ့လာဖို့ နဲ့ ပတ်သက်ပြီး အခုလို မှတ်ချက် ပေးသွားခဲ့ ပါတယ်။
“ မက်ဆီ PSG ကို ပြောင်းရွှေ့ လာဖို့ ကိစ္စလား?
ကျနော်လဲ အဲဒီ အတိုင်း ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။ တစ်သင်းလုံးက သူ့ကို မျှော်နေကြတာပါ။ ဒါပေမယ့် သူ့ဆုံးဖြတ်ချက် က ဘယ်လိုလဲ ဆိုတာ မသိသေးဘူးလေ။
အသင်းမှာ တောင့်တင်းတဲ့ ကစားသမားစာရင်း ပိုင်ဆိုင်ထားတယ် ၊ ဝန်ထမ်းကောင်းတွေလဲ ရှိနေတာမို့ ၊ သူ့ကို စည်းရုံး ရတာ အားသာချက်တွေတော့ ရှိမှာပါ။ မက်ဆီ ကလဲ သူ့အတွက် အကောင်းဆုံး ဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုးကိုပဲ ချမှတ်လိမ့်မယ် ထင်ပါတယ်။ ကျနော်တို့ ဘက်ကတော့ လိုလိုလားလား နဲ့ ကြိုဆိုသွားဖို့ အသင့်ပါပဲ” လို့ ပြောဆိုသွားခဲ့ ပါတယ်။
ပီအက်စ်ဂျီ ကစားသမားတွေ ကိုယ်တိုင်က အဲဒီလို ထုတ်ဖော် ပြောဆိုလာ အပြီးမှာတော့ ပြင်သစ် အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ RMC ကလဲ ပီအက်စ်ဂျီ ဟာ မက်ဆီ ကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အကြောင်းကို အတည်ပြုလိုက်ပြီး ၊ အခုလို ဖော်ပြသွားခဲ့ ပါတယ်။
“ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာ ကတည်းက နေမာ ဟာ မက်ဆီ ကို ခေါ်ယူနိုင်ဖို့ အတွက် သူ တတ်နိုင်သမျှ အကုန် လုပ်ခဲ့တာပါ။ သူ ပြောခဲ့တာ တစ်ခုက ပီအက်စ်ဂျီ ကို ပြောင်းလာမယ် ဆိုရင် သေချာပေါက် စိတ်ချမ်းသာစေရမယ် ၊ ကလပ် အသင်း တည်ဆောက်ပုံကလဲ စနစ် ကျပြီးသား ဆိုတဲ့ အကြောင်းတွေပါ။ မက်ဆီ ကတော့ တွေပြီး ၊ အလေးအနက် စဉ်းစားခဲ့ဟန် တူပါတယ်။ နေမာ ဟာ မက်ဆီ နဲ့ နောက်တစ်ကြိမ် လက်တွဲချင်နေတာတော့ လုံး၀ သေချာပါတယ်။
ဒါပေမယ့် မက်ဆီ ကို ခေါ်ချင်တဲ့ ကလပ်တွေ က များလွန်းနေတော့ ၊ စည်းရုံးရေး ဆင်းရတာ ခက်ခဲပါလိမ့်မယ်” လို့ ရေးသား ဖော်ပြသွားခဲ့ ပါတယ်။
ပီအက်စ်ဂျီ နဲ့ နီးစပ်တဲ့ သူတစ်ချို့ ကတော့ အခု ထွက်ပေါ်လာတဲ့ သတင်းတွေ အပေါ်မှာ ၊ သူတို့ အမြင် ကို အခုလိုပဲ ချပြသွားခဲ့ ပါတယ်
“ အပြောင်းအရွှေ့ ကာလမှာ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာ ကြိုပြောထားလို့ မရပါဘူး။ ကလပ် အသင်းဘက်ကတော့ ဘယ်လို ကစားသမားမျိုး ကို မဆို ရအောင် ခေါ်ယူနိုင်တယ် ဆိုတာ သက်သေပြထားခဲ့ပြီးပါပြီ။ နေမာ နဲ့ ဘာပေ ကိုတောင် တစ်ပြိုင်နက် ခေါ်ပြခဲ့တာကြည့်ရင် သိသာပါတယ်။
မက်ဆီ နဲ့ နေမာ ဟာ ပီအက်စ်ဂျီ အတွက် နောက်ထပ်2ရာသီလောက်ကောင်းကောင်းတွဲဖက် ကစားပေးနိုင်တယ် ဆိုရင်တောင် ၊ ကြည့်ရတာ တော်တော် ရင်ခုန်ဖို့ ကောင်းနေဦးမှာပါ” လို့ ပြောဆိုသွားခဲ့ ပါတယ်။