PSG အသင်း၏ နည်းပြဖြစ်သူ ပိုချက်တီနိုက ဘော်ဒိုးအသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ်တွင် အဓိက ကစားသမားနှစ်ဦးဖြစ်သည့် မက်ဆီနှင့် နေမာတို့အပေါ် ၀ိုင်းဝန်းလှောင်ပြောင်ခဲ့ကြသည့် ပရိသတ်များ၏ မုန်းတီးမှုနှင့် အော်ဟစ်မှုများကို စာနာနားလည်ပေးနိုင်ကြောင်း ပြောကြားခဲ့သည်။
PSG အသင်းသည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် ရီးယဲလ်မက်ဒရစ်အသင်းအား နှစ်ကျော့ပေါင်း (၂-၃) ဂိုးဖြင့် ရှုံးနိမ့်ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ပရိသတ်များသည် ယင်းရှုံးနိမ့်မှုအတွက် စံချိန်တင်ပြောင်းရွှေ့ကြေးရှင် နေမာနှင့် စံချိန်တင်လစာငွေ ပေးချေနေရသည့် မက်ဆီတို့ကို ပစ်မှတ်ထားခဲ့ကြခြင်းဖြစ်သည်။
နေမာသည် ယင်းပွဲစဉ်တွင် တန်းဆင်းဇုန်အတွင်းမှ ဘော်ဒိုးအသင်းဘက်သို့ ဒုတိယဂိုးသွင်းယူခဲ့ချိန်တွင်ပင် ပရိသတ်များက ၀ိုင်းဝန်းအော်ဟစ်လှောင်ပြောင်ခဲ့ကြပြီး မက်ဆီမှာလည်း သူ၏ပုံစံအတိုင်း ကွင်းလယ်မှ တစ်ကိုယ်တော်ဆွဲပြေးကာ ကန်သွင်းသည့် ကန်ချက် တိုင်ထိထွက်သွားချိန်တွင်ပင် ပရိသတ်များ၏အားပေးမှုကို မရဘဲ လှောင်ပြောင်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ပိုချက်တီနိုက ”ဘယ်သူမှ ဒီလို အခြေအနေကို မကြိုက်ပါဘူး။ PSG ကို ချစ်တဲ့သူတိုင်း ဝမ်းနည်းနေရချိန်လည်းဖြစ်တယ်။ ပရိသတ်တွေရဲ့ ဝမ်းနည်းမှု၊ အမုန်းနဲ့ လှောင်ပြောင်မှုတွေကို နားလည်ပါတယ်”ဟုဆိုခဲ့သည်။