ဘာစီလိုနာအသင်းသည် နာမည်ကျော် အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီနှင့်လမ်းခွဲခဲ့ခြင်းကြောင့် အသင်း၏စျေးကွက်တန်ဖိုးမှာ (၁၁)ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး စပွန်ဆာကြေးများအပါအဝင် အဘက်ဘက်မှ ဝင်ငွေများစွာ ဆုံးရှုံးရဖွယ်ရှိနေကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
ဘာစီလိုနာအသင်းသည် မက်ဆီနှင့် စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့သော်လည်း လာလီဂါ၏လစာစည်းမျဉ်းကြောင့် မက်ဆီကို စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းမရှိဘဲ လမ်းခွဲရခြင်းဖြစ်သည်။
မက်ဆီကို စာချုပ်သစ်ချုပ်ဆိုပါက ဘာစီလိုနာအသင်းအနေဖြင့် ပုံမှန်အနေအထားပြန်ရောက်ရန် နှစ်ပေါင်း (၅၀)ခန့် ရုန်းကန်ရမည်ဖြစ်သဖြင့် လက်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ဘာစီလိုနာအသင်းဥက္ကဋ္ဌ လာပေါ်တာက ပြောကြားခဲ့သည်။
သို့သော် မက်ဆီနှင့်လမ်းခွဲခြင်းကြောင့် ဘာစီလိုနာအသင်း၏ ငွေကြေးဆုံးရှုံးမှုမှာ ပိုများလာနိုင်ကြောင်း စပိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
Brand Finance ၏ဖော်ပြချက်အရ ဘာစီလိုနာအသင်း၏ လက်ရှိစျေးကွက်တန်ဖိုးမှာ ယူရို (၁.၂၆၆) ဘီလီယံရှိပြီး ရီးယဲလ်မက်ဒရစ် (၁.၂၇၆ ဘီလီယံ)ပြီးနောက် စျေးကွက်တန်ကြေးအမြင့်ဆုံးအဖြစ် ရပ်တည်နေသည်။
သို့သော် မက်ဆီ ထွက်ခွာသွားခြင်းကြောင့် ဘာစီလိုနာအသင်း၏ စျေးကွက်တန်ဖိုးမှာ (၁၁)ရာခိုင်နှုန်းဖြစ်သည့် ယူရို (၁၃၇) သန်း လျော့သွားခဲ့ကြောင်း Brand Finance က ဖော်ပြခဲ့ခြင်းဖြစ်သည်။
ထို့ပြင် ဘာစီလိုနာအသင်းသည် မက်ဆီကို လက်လွှတ်ခဲ့ရခြင်းကြောင့် စပွန်ဆာကြေး ယူရို(၇၇)သန်းအထိ ဆုံးရှုံးနိုင်သလို၊ အသင်းဂျာစီအပါအဝင် အမှတ်တရပစ္စည်းများ ရောင်းချမှုတွင်လည်း ယူရို(၄၃)သန်းအထိ ဆုံးရှုံးရနိုင်ကြောင်း စပိန်သတင်းစာ
AS က ဖော်ပြခဲ့သည်။
ထို့ပြင် ဘာစီလိုနာအသင်းအနေဖြင့် မက်ဆီကို လက်လွှတ်ခဲ့ရခြင်းကြောင့် အနာဂတ်တွင် စပွန်ဆာရှာရာ၌ ခက်ခဲနိုင်ကြောင်း ဘဏ္ဍာရေးကျွမ်းကျင်သူ မက်စီရီယာက ဆိုခဲ့သည်။
၎င်းက ဘာစီလိုနာအသင်းသည် မက်ဆီရှိစဉ်က ကစားသမား၏ပုံရိပ်ဖြင့် စပွန်ဆာရရှိရန် လွယ်ကူခဲ့သော်လည်း လက်ရှိတွင် ရရှိထားသည့်စပွန်ဆာများကိုပါ ထိန်းသိမ်းရန် ခက်ခဲနိုင်ကြောင်း၊ ဘာစီလိုနာအတွက် စပွန်ဆာများကို ဆွဲဆောင်နိုင်ရန် ကွင်းအတွင်းအောင်မြင်မှုများက အဓိကကျကြောင်း သုံးသပ်ပြောကြားခဲ့သည်။