မက်ဆီနဲ့ ဘာပေတို့ ဘာမှမတတ်နိုင်ဘဲ ဘိုင်ယန်ကို ရှုံးနိမ့်ပြီး ပီအက်စ်ဂျီ ချန်ပီယံလိဂ်က ထွက်ရပြီ

ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်းမှာ ပီအက်စ်ဂျီကို ၂-၀ နဲ့အနိုင်ရရှိခဲ့တာကြောင့် နှစ်ကျော့ပေါင်း ၃-၀ နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားပြီဖြစ်ပါတယ်။ ချန်ပီယံလိဂ်ဖလားကို အရယူရေးဟာ အဓိကရည်မှန်းချက်ဖြစ်ပေမယ့် ပီအက်စ်ဂျီအသင်းကတော့ ပြိုင်ပွဲကထွက်ခဲ့ရပါပြီ။ ကမ္ဘာ့ဖလားဗိုလ်လုပွဲက  ပြိုင်ဘက်နှစ်ဦးဖြစ်တဲ့ မက်ဆီနဲ့ ဘာပေလည်းဘာမှကို မတတ်နိုင်ခဲ့ကြပါဘူး။

ဘိုင်ယန်အတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၆၁ မိနစ်မျာ ချူပိုမိုတင်နဲ့ ပွဲချိန် ၈၉ မိနစ်မှာ ဂနာဘရီတို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ကို ၂ နှစ် ဆက်တိုက်တက်ရောက်နိုင်ခြင်းအဖြစ်လည်း မှတ်တမ်းဝင်နိုင်ခဲ့ပါတယ်။

myan789

ပထမပိုင်းမှာ ဗီတင်ဟာရဲ့ဂိုးသွင်းမှုကို ဒီလစ်က ကာကွယ်ခဲ့လို့ ဘိုင်ယန်တို့တစ်ဂိုးသက်သာခဲ့ပါတယ်။ ပထမအကျော့မှာ ၀-၁ နဲ့ရှုံးနိမ့်ထားတာကြောင့် ပီအက်စ်ဂျီက ပထမပိုင်းမှာ ဖိအားပေးကစားပြီး ဂိုးသွင်းခွင့်တွေဖန်တီးခဲ့ပါတယ်။ မက်ဆီရဲ့ဂိုးသွင်းရန်ကြိုးစားမှုကို အယ်လ်ဖွန်ဆိုဒေးဗီးစ်က ဖျက်ထုတ်ခဲ့သလို မူဆီအာလာက ဂိုးသွင်းရန်ကြိုးစားမှုကိုလည်း ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာက ကာကွယ်ခဲ့ရပါတယ်။

ပွဲချိန် ၃၆ မိနစ်မှာ ပီအက်စ်ဂျီအသင်းခေါင်းဆောင် မာကွင်ဟိုက တင်ပါးဒဏ်ရာကြောင့် မူကီအယ်လီနဲ့ လူစားလဲခဲ့ရပါတယ်။ ပထမပိုင်းပြီးကာနီးမှာ ပီအက်စ်ဂျီက အကောင်းဆုံးဂိုးသွင်းဖို့အခွင့်ရေးတစ်ခုရခဲ့ပါတယ်။ ဘိုင်ယန်ဂိုးသမား ဆွမ်မာက ဂိုးဧရိယာထဲက ဘောလုံးကို ရှင်းထုတ်ဖို့ကြိုးစားရာမှာ ဟာကီမီရဲ့ဖိအားပေးမှုကြောင့် လူပေးမှားပြီးဘောလုံးက ပီအက်စ်ဂျီကွင်းလယ်လူ ဗီတင်ဟာဆီရောက်သွားပါတယ်။ ဗီတင်ဟာက ဂိုးသမားကိုကျော်ဖြတ်ပြီး  ဂိုးပေါက်ထဲကို ကန်သွင်းတာကို ဟော်လန်လက်ရွေးစင်နောက်ခံလူ ဒီလစ်က ရှင်းထုတ်လိုက်နိုင်လို့ ဘိုင်ယန်တို့ ဂိုးမပေးလိုက်ရတာပဲ ဖြစ်ပါတယ်။

ဒုတိယပိုင်း ၄၆ မိနစ်မှာ မာကွင်ဟိုနေရာကို ဝင်ကစားတဲ့ မူကီအယ်လီကို ဘစ်ရှီယာဘူနဲ့ထပ်မံလူစားလဲခဲ့ပါတယ်။ အသက် ၁၇ နှစ်အရွယ် ဘစ်ရှီယာဘူရဲ့အမှားကြောင့်လည်း ဘိုင်ယန်တို့ အဖွင့်ဂိုးရရှိသွားတာပါ။ ဒုတိယပိုင်း ၆၁ မိနစ်မှာ ဘစ်ရှီယာဘူက ပီအက်စ်ဂျီအသင်းခံစစ်ဘယ်ဘက်အခြမ်းကနေ ဘောလုံးကို ရှင်းထုတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဗီတင်ဟာကို ဖိအားပေးထားနိုင်တဲ့ မူလာက အဲဒီဘောလုံးကို ရသွားပြီးဂေါ်ရက်ဇ်ကာဆီ ပေးပို့ခဲ့ပါတယ်။ ဂေါ်ရက်ဇ်ကာက ချိုးပေးတဲ့ဘောလုံးကို ချူပိုမိုတင်က ပိတ်သွင်းပြီး ဘိုင်ယန်မြူးနစ်က အဖွင့်ဂိုးရရှိကာပွဲကို အသာရသွားပါတော့တယ်။ ကင်မရွန်းလက်ရွေးစင်တိုက်စစ်မှူးချူပိုမိုတင်အတွက် ဒီနှစ်ဘောလုံးရာသီ ၁၇ ဂိုးမြောက်သွင်းဂိုးအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။

ဒီနောက်ပိုင်းမှာ ဘိုင်ယန်မြူးနစ်ဂိုးသမားဆွန်မာက ဆာဂျီယိုရာမို့စ်ရဲ့ ပြင်းထန်တဲ့ ခေါင်းတိုက်ချက်ကို ကာကွယ်လိုက်ရပါသေးတယ်။ ပွဲချိန် ၈၉ မိနစ်မှာ ကန်ဆယ်လိုရဲ့ ဖန်တီးမှုက တစ်ဆင့် ဂနာဘရီက နောက်တစ်ဂိုးသွင်းအပြီးမှာတော့ ဘိုင်ယန်နောက်တစ်ဆင့်တက်ဖို့ သေချာသွားပါတော့တယ်။

ပြီးခဲ့တဲ့နှစ်ချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာ ရီးရဲမက်ဒရစ်အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာကြောင့် ပီအက်စ်ဂျီအသင်းနည်းပြချုပ် ပိုချက်တီနို အလုပ်ပြုတ်ခဲ့ရပါတယ်။ လက်ရှိဘောလုံးရာသီမှာလည်း လီဂူးဝမ်းမှာ ၈ မှတ်အသာနဲ့ ဦးဆောင်နေနိုင်ပေမယ့် ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့အတွက် နည်းပြချုပ်ဂေါ်လ်တီယာရဲ့ ကုလားထိုင်မတည်ငြိမ်ဖြစ်သွားနိုင်ကြောင်း သတင်းများက ဖော်ပြပါတယ်။

Similar Articles

Comments

LEAVE A REPLY

Please enter your comment!
Please enter your name here

Covid-19 Statistic

Advertismentspot_img

Instagram

Most Popular