ရုရှား MMA အားကစားသမား ခါဘိက မက်ဂရီဂေါ်နှင့် ပွိုင်ရီယာတို့ထိုးသတ်မည့်ပွဲမှ အနိုင်ရသူသည် သူ၏ UFC ချန်ပီယံရွှေခါးပတ်ကို ရယူပြီး လိုက်ဝိတ်တန်းဘုရင်အဖြစ် အစားထိုးနိုင်လိမ့်မည်ဟု ယုံကြည်လျက်ရှိကြောင်း သိရသည်။
UFC ၏ (၁၅၅)ပေါင်တန်းဖြစ်သည့် လိုက်ဝိတ်တန်း၏ လက်ရှိချန်ပီယံမှာ ခါဘိဖြစ်ပြီး ပြီးခဲ့သည့်အောက်တိုဘာလက စိန်ခေါ်သူအဆင့်(၁) ဂေးချီကို အနိုင်ယူကာ ကစားသမားဘဝမှ အနားယူကြောင်း အံ့အားသင့်ဖွယ်ကြေညာပြီးနောက် အနာဂတ်ရွှေခါးပတ်ပိုင်ရှင်အတွက် အဖြေမထုတ်နိုင်သေးဘဲ ဖြစ်နေသည်။
UFC ဥက္ကဋ္ဌဖြစ်သူ ဒေနာဝှိုက်က ခါဘိအနေဖြင့် သူ၏ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး ၂၀၂၁ ခုနှစ်တွင် ပြန်လည်ထိုးသတ်ဖွယ်ရှိသည်ဟု မျှော်လင့် နေသောကြောင့် ချန်ပီယံရွှေခါးပတ်ကို ရုပ်သိမ်းရန် ငြင်းဆန်ထားခဲ့သည်။ “လိုက်ဝိတ်တန်းဟာ အမြဲတမ်း ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ ၂၀၂၀ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ UFC ရဲ့အဓိကပြိုင်ပွဲအားလုံးဟာ လိုက်ဝိတ်တန်းကို အခြေပြုပြီး လုပ်ဆောင်ခဲ့တာပါ။ ပထမတော့ ကော်နာ(မက်ဂရီဂေါ် ) ပြန်လာတယ်။ ပြီးတော့ ဂေးချီက ဖာဂူဆန်ကို အနိုင်ယူလိုက်ပါတယ်။ အဲဒီနောက် ပွိုင်ရီယာရဲ့တစ်ကျော့ပြန်ပွဲပေါ့။ ပြီးတော့ ဂေးချီနဲ့ ကျွန်တော် ထိုးသတ်တဲ့ပွဲပါပဲ။ ဒီဝိတ်တန်းဟာ အမြဲတမ်း စိတ်ဝင်စားစရာကောင်းပြီး ပြိုင်ဆိုင်မှုပြင်းထန်ပါတယ်။ အခုချိန်မှာတော့ ပွိုင်ရီယာ၊ မက်ဂရီဂေါ် နဲ့ မာခါချက်ဗ်တို့က ဒီဝိတ်တန်းရဲ့ထိပ်တန်းကစားသမား (၃)ဦး ပေါ့။ မာခါချက်ဗ်ကတော့ အဆင့်သတ်မှတ်ချက် ထိပ်ဆုံး(၅)ဦးစာရင်းထဲ မဝင်သေးပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အကောင်းဆုံးကစားသမားတွေ ပါ။ ပွိုင်ရီယာနဲ့ ကော်နာတို့ပွဲက အနိုင်ရသူဟာ ကျွန်တော့်ရဲ့ခါးပတ်ကို သိမ်းပိုက်နိုင်ပါလိမ့်မယ်” ဟု ခါဘိက Match TV သို့ ပြောကြားခဲ့သည်။
ထို့ပြင် ခါဘိက ဥက္ကဋ္ဌဖြစ်သူ ဒေနာဝှိုက်နှင့် စကားပြောဆိုမှုများရှိခဲ့သော်လည်း လစ်လပ်သွားဖွယ်ရှိသည့် ရွှေခါးပတ်အတွက် မဆွေးနွေးခဲ့ကြောင်း သိရသည်။ ခါဘိသည် MMA ကစားသမားဘဝ တွင် ထိုးသတ်ခဲ့သည့် UFC ပွဲစဉ် (၂၉)ပွဲစလုံး အနိုင်ထိုးသတ်ထားခဲ့သည်။
မက်ဂရီဂေါ်နှင့် ပွိုင်ရီယာတို့ထိုးသတ်မည့် UFC 257 ပြိုင်ပွဲကို လာမည့်နှစ် ဇန်နဝါရီလ (၂၃)ရက်တွင် ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ရှိ Flash Forum ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။