မတ်လ(၁၃)ရက်က ယှဉ်ပြိုင်ကစားခဲ့သော ဘော်ဒိုး အသင်းအား (၃-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အသင်းမှ နာမည်ကျော်ကစားသမားများဖြစ်သည့် မက်ဆီနှင့် နေမာကို PSG ပရိသတ်များက လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခဲ့ရမှုကြောင့် အသင်းပရိသတ်များသည် မက်ဆီနှင့် နေမာကို အဓိကပစ်မှတ်ထားခဲ့ကြပြီး ပွဲမစတင်မီ အသင်းလူစာရင်းကြေညာချိန်နှင့် ပွဲကစားချိန်အတွင်း မက်ဆီ၊ နေမာတို့ ဘောလုံးထိချိန်တိုင်း အော်ဟစ်လှောင်ပြောင်မှုများ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
ယင်းပွဲတွင် အမှတ်ပေးဇယားအောက်ဆုံးမှ ဘော်ဒိုးအသင်းကို PSG က ဘာပေ၊ နေမာ၊ ပါရေဒက်စ် တို့၏ဂိုးများနှင့် အနိုင်ယူခဲ့ပြီး ဒုတိယနေရာမှ နိုက်စ်အသင်းကို (၁၅)မှတ်အထိဖြတ်ကာ ဦးဆောင်လျက်ရှိသည်။ နေမာသည် ဒုတိယဂိုးသွင်းယူပြီးချိန်တွင် အောင်ပွဲမခံသကဲ့သို့ ကွင်းအတွင်းကြေညာသူမှ ဂိုးသွင်းသူ သူ၏အမည်ကို ကြေညာချိန်၌လည်း ပရိသတ်များက လှောင်ပြောင်ခဲ့ကြသည်။
၎င်းတို့(၂)ဦးသည် ယခုရာသီတွင် ရုန်းကန်နေရပြီး အသင်းဖော် ဘာပေနှင့် နှိုင်းယှဉ်လျှင်မူ စွမ်းဆောင်ရည်မှာ များစွာနိမ့်ကျလျက်ရှိသည်။ ဘာပေသည် ယခုရာသီတွင် ပြိုင်ပွဲစုံ (၂၆)ဂိုးသွင်းယူထားကာ (၁၇)ဂိုး ဖန်တီး ပေးခဲ့ပြီး မက်ဆီက (၇)ဂိုးသွင်းနှင့် (၁၁)ဂိုးဖန်တီး၊ နေမာ က (၅)ဂိုးသွင်းနှင့် (၅)ဂိုးသာ ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။
လာမည့်နွေရာသီအပြောင်းအရွှေ့ကာလအတွင်း နေမာကို PSG အသင်း ရောင်းချသွားဖွယ်ရှိသည့်သတင်းများမှာလည်း ယင်းပွဲမတိုင်မီကတည်းက ထွက်ပေါ်နေလျက်ရှိကြောင်း သိရသည်။ PSG အသင်းသည် အသက် (၃၀)နှစ်အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်တိုက်စစ်ကစားသမား နေမာကို ၂၀၁၇ နွေရာသီအပြောင်းအရွှေ့ ကာလတွင် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို (၂၂၂) သန်းဖြင့် ခေါ်ယူခဲ့သည်။
သို့သော် နေမာသည် PSG အသင်းတွင် ဒဏ်ရာပြဿနာများနှင့် မကြာခဏ ရင်ဆိုင်နေရသလို၊ အသင်းဖော်များနှင့်လည်း ပြဿနာတက်လေ့ရှိကြောင်းသိရသည်။