မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက် မှာတော့ FA ဖလား ပြိုင်ပွဲ ရဲ့ Round 3 ပွဲစဉ် အဖြစ် ချန်ပီယံရှစ် ကလပ် ဝက်ဖို့ဒ် အသင်းကို အိုးလ် ထရပ်ဖို့ဒ် ကွင်းထဲ ဧည့်ခံ ကစားခဲ့ပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ယူခဲ့ကာ နောက် တစ်ဆင့် တက်ရောက် သွားနိုင်ခဲ့ ပါတယ် ။
ဒီပွဲမှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားက ပွဲစဉ်တွေ ဆက်တိုက် ကစားခဲ့ ကြတဲ့ ကစားသမား တွေကို အနားပေး ခဲ့ပြီး ပွဲကစားခွင့် မိနစ်တွေ နည်းပါးခဲ့ ကြတဲ့ အရံ ကစားသမား တွေနဲ့သာ ယှဉ်ပြိုင် ကစား စေခဲ့ ပါတယ် ။ ဒီပွဲမှာတော့ ဂျက်စီ လင်ဂတ် နဲ့ ဗန်ဒီ ဘိခ် တို့လည်း ပွဲထွက် ကစားခွင့် ရခဲ့ကြ ပါတယ် ။
ယူနိုက်တက် အသင်း အတွက် တစ်လုံးတည်းသော သွင်းဂိုးကို ပွဲချိန် 5 မိနစ်မှာ အဲလက်စ် တဲလက်စ် ရဲ့ ထောင့်ကန်ဘော ပေးပို့မှုကို ခေါင်းတိုက် သွင်းယူခြင်းဖြင့် ကွင်းလယ်လူ မက် တော်မီနေး က ရရှိ စေခဲ့တာပဲ ဖြစ်ပါတယ် ။ အဆိုပါ သွင်းဂိုး တစ်ဂိုး နဲ့သာ ပွဲစဉ်ဟာ ပြီးဆုံး သွားခဲ့ရ ပါတယ် ။
ဒီပွဲမှာ ယူနိုက်တက် အသင်း အတွက် နစ်နာခဲ့ရတာ ကတော့ နောက်ပိုင်း ပွဲစဉ် တွေမှာ ပုံစံကောင်း တွေကို ဆက်တိုက် ပြသ နိုင်ခဲ့မှုကြောင့် မက်ဂွားယား နဲ့ အတူ ရှေ့ဆက် တွဲဖက် ကစားခွင့်တွေ ရနိုင် လိမ့်မယ်လို့ ထင်ကြေး ပေးခံနေခဲ့ရတဲ့ နောက်ခံလူ အဲရစ် ဘိုင်လီ ပထမပိုင်း ပြီးဆုံးခါနီးမှာ အသင်းဖော် ဟန်ဒါဆန် နဲ့ ခိုက်မိပြီး ဒဏ်ရာရသွားခြင်း ပါပဲ ။
ပွဲစဉ် အပြီး သတင်းစာ ရှင်းလင်းပွဲ မှာတော့ ယူနိုက်တက် နည်းပြ ဆိုးလ်ရှား က ဘိုင်လီဟာ လည်ချောင်း နာသွားတာ ဖြစ်ကြောင်း ၊ ဒါဟာ ပြင်းထန်မယ်လို့ မထင်ကြောင်း ၊ ဒါပေမယ့် ဆေးစစ်ပြီးမှ ထပ်မံ အတည်ပြု ပေးသွားမှာ ဖြစ်ကြောင်း ပြောခဲ့လိုက် ပါတယ် ။
” ဒါဟာ လည်ချောင်း အနာတရ ဖြစ်သွားတာလို့ ကျွန်တော် ထင်ပါတယ် ။ ဒါဟာ အများတွေသလို ပြင်းထန်မယ်လို့ ကျွန်တော် မထင်မိပါဘူး ။ သူ့ရဲ့ အနေအထားက အပေါင်း လက္ခဏာ ဆောင်နေမယ်လို့ ထင်ပါတယ် ။ ဒါကို ကျွန်တော်တို့ ဓါတ်မှန်ရိုက် စစ်ဆေး သွားကြမှာပါ ” လို့ ဆိုးလ်ရှား က ပြောခဲ့လိုက် ပါတယ် ။
ယူနိုက်တက် နောက်ခံလူ တွမ်ဇီဘီ ကတော့ သူနဲ့ အတူ တွဲဖက် ကစား ခဲ့တဲ့ အသင်းဖော် ဖြစ်သူဟာ စစ်သည်တော် တစ်ဦး ဖြစ်ကြောင်း ချီးကျူး စကား ဆိုသွားခဲ့လိုက်ပြီး အသင်းရဲ့ အဝတ်လဲခန်း ထဲမှာတော့ အဆင်ပြေ နေခဲ့ကြောင်း သတင်းကောင်း ပါးခဲ့လိုက် ပါတယ် ။
” သူဟာ အဆင်ပြေ ပါတယ် ။ သူ့ကို ကြည့်ရတာ အဆင်ပြေ ပါတယ် ။ သူက စစ်သည်တော် တစ်ဦးပါ ။ သူဟာ အခန့်မသင့်ပဲ ဒဏ်ရာ ရသွားခဲ့တာပါ ။ ဒါပေမယ့် အဝတ်လဲခန်းထဲ အခုလို အဆင်ပြေနေတာကို မြင်တွေ့ရတာ ကောင်းမွန်လှ ပါတယ် ။ ဒီတစ်ပါတ် အသင်းနဲ့ အတူ လေ့ကျင့် နိုင်မယ်လို့ ကျွန်တော် သေချာပေါက် ပြောနိုင် ပါတယ် ” လို့ တွမ်ဇီဘီ ကလည်း သတင်းကောင်း ပေးခဲ့လိုက် ပါတယ် ။
နောက်ဆုံး မှာတော့ ကစားသမား ကိုယ်တိုင် ကလည်း လူမှု ကွန်ယက် တစ်ခု ဖြစ်တဲ့ တွစ်တာ ကနေ တစ်ဆင့် သူဟာ အဆင်ပြေကြောင်း ၊ အသေးစား ဒဏ်ရာလေးသာ ရရှိခဲ့ကြောင်း ပရိသတ် တွေဆီ သတင်းကောင်း ပေးဆောင် သွားခဲ့လိုက် ပါတယ် ။
” ကျွန်တော် ok ပါတယ် ၊ ဒါက အသေးစား ဒဏ်ရာလေး ပါပဲ ” လို့ ဘိုင်လီ က တွစ်တာ ပေါ်မှ တစ်ဆင့် ပရိသတ်တွေ စိတ်အေးဖို့ သတင်းကောင်း ပေးဆောင် သွားခဲ့လိုက် ပါတယ် ။ ယူနိုက်တက် တို့ဟာ နောက်တစ်ပွဲ အဖြစ် ပရီးမီးယားလိဂ်မှာ ဘန်လေ အသင်း နဲ့ ရင်ဆိုင် ရမှာပဲ ဖြစ်ပါတယ် ။ ဒီပွဲကို နိုင်ရင်တော့ ယူနိုက်တက်တို့ အမှတ်ပေး ဇယားကို ဦးဆောင်ခွင့် ရပါ လိမ့်မယ် ။