ဟာလန်းထက်စာလျှင် ဘာပေသည်ပို၍ ပြည့်စုံသည့်ကစားသမားဖြစ်ကြောင်း အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းများဖြစ်ကြသောဖာဒီနန်နှင့် ဟားဂရိဗ်တို့က ထုတ်ဖော်ပြောဆိုလိုက်သည်။ မက်ဆီနှင့် ရော်နယ်ဒိုတို့ခေတ်နောက်ပိုင်းတွင် ဘာပေနှင့် ဟာလန်းတို့နှစ်ဦးက အကောင်းဆုံး ဘောလုံးသမားနေရာကို အပြိုင်အဆိုင်လုရမည့် ခေတ်သို့ ရောက်ရှိလာပြီဖြစ်ကြောင်း မီဒီယာ များကသုံးသပ်ဖော်ပြသည်။
မန်စီးတီးနှင့် လိုက်ပ်ဇစ်တို့ပွဲအပြီးတွင် ဘာပေက ဟာလန်းထက် အဘယ်ကြောင့်ပိုကောင်းသည် ဆိုသည်ကို ဖာဒီနန်နှင့် ဟားဂရိဗ်က ထုတ်ပြောလိုက်သည်။ “ဟာလန်းနဲ့ ဘာပေက ကျိန်းသေ ကစားသမားကောင်းတွေဖြစ်ပါတယ်။ ဒါပေမယ့် ဟာလန်းက သူဂိုးသွင်းနိုင်ဖို့အတွက် အသင်းဖော်တွေက ဖန်တီးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဘာပေကတော့ သူဂိုးသွင်းဖို့အတွက်ကို သူကိုယ်တိုင်ဖန်တီးနိုင်ပါတယ်။ ဒါကြောင့် ဘာပေကို ဟာလန်းထက်ပိုပြီး အသာပေးရွေးချင်ပါတယ်”ဟု ဖာဒီနန်က ပြောဆိုလိုက်သည်။
အိုဝင်ဟားဂရိဗ်က “အားလုံးက ဘာပေကို ရွေးကြမယ်ထင်ပါတယ်။ ဟာလန်းက သိပ်ကောင်းတဲ့အဆုံးသတ်သမားဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘာပေက ဂိုးသွင်းဖို့ကို ကိုယ်တိုင်ဖန်တီးနိုင်တယ်။ ပီအက်စ်ဂျီက ဘိုင်ယန်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ဘူး ဒါပေမယ့် ဘာပေလည်းဝင်လာရော အခြေအနေပြောင်းသွားတယ်”ဟု ပြောသည်။

ဖာဒီနန်က မန်စီးတီးနှင့် လိုက်ပ်ဇစ်တစ်ဂိုးစီသရေကျသောပွဲအပြီးတွင် “ဒီနေ့လိုပွဲမျိုးဆိုပါတော့ ဘာပေသာ ပါဝင်လာမယ်ဆိုရင် မထင်မှတ်တဲ့အနေအထားကနေ ဂိုးသွင်းခွင့်တွေဖန်တီးပါလိမ့်မယ်။ သူဂိုးသွင်းနိုင်မလားတော့မသိဘူး။ ဂိုးသွင်းခွင့်တွေဖန်တီးနိုင်မှာတော့ အသေအချာပါပဲ။ ဘာပေမှာ ဒီလိုအရည်အချင်းမျိုးရှိပါတယ်”ဟု ပြောဆိုလိုက်သည်။
ဟာလန်းသည် မနေ့ညက လိုက်ပ်ဇစ်နှင့်ကစားသည့်ပွဲတွင်ဂိုးမသွင်းနိုင်ဖြစ်ခဲ့သလို နောက်ဆုံးကစားသည့် ၆ ပွဲတွင် တစ်ဂိုးသာ သွင်းနိုင်ခဲ့သည်။ ဟာလန်းသည် ၂၀၂၃ တွင် ၁၂ ပွဲကစားရာ၌ ၅ ဂိုးသာသွင်းထားနိုင်သည်။

